စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ပြည်သူ့နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံအဖြစ် အသံတိတ်သပိတ်ကို ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၁ရက်)တွင် အသံတိတ်သပိတ်ကို မုံရွာမြို့ပေါ်ရှိ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ကြကြောင်း မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီထံကသိရသည်။
“ အောင်မြင်ပါတယ်။ အကုန်လုံးပါဝင်ကြတယ်။ တစ်ယောက်မှမထွက်ကြဘူး။ ဆိုင်တွေကတော့ ဖွင့်တာပေါ့။ မဖွင့်လို့လည်းမရဘူးလေ။ ပြည်သူတွေတော့ အသွားအလာလုံးဝမရှိပါဘူး” ဟု မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုအော်စကာကပြောသည်။
လူစည်ကားသည့်နေရာများဖြစ်သည့် ချင်းတွင်းရတနာဈေး၊ ပြည်ထောင်စုလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ကျောက္ကာလမ်းမကြီးများပေါ်တွင် နံနက်အစောပိုင်းကတည်းက ခြောက်ကပ်တိတ်ဆိတ်နေကြောင်းသိရသည်။
မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် အသံတိတ်သပိတ်မအောင်မြင်ရန်အတွက် အသံမိုင်းခွဲခြင်းနှင့် သေနတ်ပစ်ဖောက်ခြင်းတို့ လုပ်ဆောင်နေကြောင်း မုံရွာမြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။
“ အပြင်တော့တစ်ယောက်မှမထွက်ကြဘူး။ အစ်မလည်းမထွက်တော့ဘူး။ ခုနလေးကတော့ အိမ်နားမှာ တစ်ချက်၊နှစ်ချက်ပစ်နေကြတာ” ဟု ၎င်းကပြောသည်။
မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက မုံရွာပြည်သူတို့သည် စစ်ကောင်စီကို လုံးဝအလိုမရှိကြောင်း အသံတိတ်ပြောပြလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
“ပြည်သူတို့ရဲ့ တိတ်ဆိတ်ငြိမ်သက်မှုက စစ်ကောင်စီကို ခြောက်ခြားစေပါတယ်။မုံရွာပြည်သူတွေရဲ့ စစ်ကောင်စီအပေါ် ရွံရှာမုန်းတီးမှုကို ဒီနေ့ ထပ်သက်သေပြလိုက်တယ်”ဟု ၎င်းက ပြောသည်။
ပြည်သူ့နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံအဖြစ် အသံတိတ်သပိတ်ကို ဖေဖော်ဝါရီ ၁ရက်၊နံနက် ၁၀နာရီမှ ညနေ ၄နာရီအထိ ဆင်နွှဲလျက်ရှိသည်။