ရန်ကုန်မြို့တွင် အသံတိတ် သပိတ် ဆင်နွှဲမှု အားကောင်းနေကြောင်းသိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ (ဖေဖေါ်ဝါရီ၁ရက်)နံနက် ၁၀နာရီမှစတင်ဆင်နွှဲနေသည့် အသံတိတ်သပိတ်တွင် ပြည်သူပါဝင်မှုအားကောင်းကြောင်းနှင့် ရန်ကုန်မြို့ပေါ်ရှိ လမ်းမကြီးများပေါ်တွင် သွားလာသူ အနည်းငယ်သာရှိကြောင်း စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အခုက သပိတ်မပြီးသေးတော့ သေချာပြောလို့မရသေးဘူး။မနက်ကနေ အခုထိတော့ အသံတိတ်သပိတ်မှာ ပြည်သူပါဝင်မှုအားကောင်းတယ်။စမ်းချောင်းရပ်ကွက်တွေထဲမှာ သွားလာသူတော်တော်နည်းပါးတယ်။ဗဟိုလမ်းနဲ့ ရှမ်းလမ်းမှာလည်း ကားတော်တော်ပါးတယ်” ဟု ၎င်းက ပြောသည်။
ကြည့်မြင်တိုင်မြို့နယ်ရှိ ဘတ်စ်ကားမှတ်တိုင်များတွင်လည်း ခရီးသည်နည်းပါးကြောင်းနှင့် ရပ်ကွက်အတွင်း၌သာ ပြည်သူအနည်းငယ်ကိုတွေ့ရကြောင်း ကြည့်မြင်တိုင်မြို့နယ်၊ကျောင်းကြီးလမ်းနေသူတစ်ဦးက ပြောသည်။
“ ညဈေးရော၊ဘူတာရော၊စလင်းကွင်းမှာရော လူသိပ်မရှိဘူး။၃၃ကားတွေဆို ချောင်ချိနေတာပဲ။ဘီယာဆိုင်တွေတော့ ဖွင့်တယ်။ဆိုင်ထဲမှာ ထိုင်တဲ့သူ ၄ ယောက်လောက်တွေ့တယ်။လမ်းမတန်းတွေမှာတော့ ဘာမှမရှိဘူး။ရပ်ကွက်တွေလောက်ပဲ ဖြတ်သွားဖြတ်လာလူရှိတာ။ဒါတောင် အများဆုံး ၁၂ယောက်လောက်ပါပဲ” ဟု ၎င်းက ပြောသည်။
ယနေ့ နံနက်ပိုင်း တွင် ရန်ကင်းမြို့နယ်အတွင်း ဖြတ်သွားဖြတ်လာ ပြည်သူမရှိသလောက်နည်းပါးပြီး YBSကားဖြတ်သန်းမှုအနည်းငယ်သာရှိကြောင်း ရန်ကင်းမြို့နယ်နေ ပြညသူတစ်ဦးက ပြောသည်။
“ ကမ္ဘာအေးဘက်က ရန်ကင်းဘက်ချိုးလာတဲ့ကားက လုံးဝမရှိဘူး။မနက်၁၀နာရီ ၄၅လောက်ကနေ အခု(နေ့လယ် ၁၂နာရီ)ထိပဲ။ရန်ကင်းထဲကနေ ကမ္ဘာအေးလမ်းဘက်သွားတဲ့ ကားက တော့ ၃၊၄စီးလောက်ပဲရှိတယ်။ ၁၂ လုံးတန်းဘက်နဲ့ passportရုံးဘက်မှာလည်း လူရော၊ကားရော သိပ်မရှိဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လမ်းမတော်မြို့နယ်နှင့် မြေနီကုန်း တွင် အိမ်စီးကားနှင့် အဌားယာဉ်ဖြတ်သန်းမှုများ မရှိသလောက်နည်းပါးကြောင်း MPA၏ မြေပြင်သတင်းရင်းမြစ်က ပြောသည်။
ပြည်သူ့နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံအဖြစ် အသံတိတ်သပိတ်ကို ဖေဖော်ဝါရီ ၁ရက်၊နံနက် ၁၀နာရီမှ ညနေ ၄နာရီအထိ ဆင်နွှဲနေသလို အင်္ကျီအဖြူ၊ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူ စသည့် အဖြူရောင် အဝတ်အစား၊အသုံးအဆောင်များ ဝတ်ဆင်သည့် အဖြူရောင်လှုပ်ရှားမှုကိုလည်း ဆင်နွှဲလျက်ရှိကြောင်း သိရသည်။