မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက်တပ်ရင်း ၃ ရင်းထဲသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၃၁ရက်၊ နံနက် ၁၁နာရီခန့်က ပခုက္ကူတပ်မ -၁၀၁ လက်အောက်ခံ ခလရ ၂၅၆၊ ၂၅၇ နှင့် ၂၅၈ တပ်ရင်းများထဲသို့ ဒရုန်းဖြင့် ၃နာရီကြာ ဗုံးကြဲတိုက်ခိုက်ခံရာ ၈ဦး ဒဏ်ရာရရှိကြောင်း ရေစကြိုမြို့နယ်ပကဖထံက သိရသည်။
“ ဗုံးသီးတော့ တော်တော်များတယ်။ တစ်နေရာကို ၇လုံး၊ ၈လုံးကြဲချခဲ့တာ။ တပ်အုတ်တံတိုင်းနားတွေလည်းကျတယ်။ အထဲက ရိပ်သာဆောင်တွေရော ကျတယ်လို့ သိရတယ်” ဟု ရေစကြိုမြို့နယ်ပကဖ သတင်းပြန်ကြားတာဝန်ခံကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် စစ်သားများကို ပခုက္ကူမြို့သို့ ဆေးကုသရန် သယ်ဆောင်သွားကြောင်း ၎င်းကပြောသည်။
“ ကျနော်တို့ မှာ သတင်းပေးရှိတယ်။ ညနေကျတော့ ပခုက္ကူကိုသယ်သွားတယ်လို့သိရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDFရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ် ခွာနိုင်ခဲ့ ကြောင်းသိရသည်။
တိုက်ခိုက်မှုပြီးနောက် တပ်ရင်းများ အနီးဝန်းကျင်သို့ စစ်သားများ ကင်း ထွက်လာကြောင်း ရေစကြိုမြို့ခံတစ်ဦးထံက သိရသည်။
“ ပုံမှန်ထပ်ပိုပြီး အပြင်တွေ ဘာတွေထွက်လာတယ်။ တပ်နဲ့နီးတဲ့ တမာတန်းလမ်းဆုံတို့ ဘာတို့မှာလည်း ဖြန့်ထားတာတွေ့ရတယ်” ဟု ၎င်းကပြောသည်။
စစ်သားများ ဒဏ်ရာရှိမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။