စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ ကံကြီး(အနောက်)ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းအသုံးပြု၍ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (ဇန်နဝါရီ ၃၁ ရက်)၊ မွန်းလွဲ ၃ နာရီခန့်တွင် မိထ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စင်းဖြင့် ပေါင်ငါးရာဗုံးနှစ်လုံးအသုံးပြုပြီး ကံကြီး(အနောက်)ကျေးရွာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ တိုက်ပွဲမရှိဘဲ ဗုံးကြဲသွားတာပါ၊ ထိခိုက်မှုက ပြည်သူတွေများတယ်။ ကာကွယ်ရေးရဲမေတစ်ဦးနဲ့ ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးသေတယ်။ နွားတွေ သေတယ်၊ မီးလောင်တာက သုံးအိမ်ပါ။ ဘုန်းကြီးကျောင်းဘေးရှိတဲ့ အိမ်တွေ ပျက်စီးတယ်” ဟု ပုလဲမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။
“ သတင်း(အရှေ့)ရွာ၊ သတင်း(အနောက်)ရွာနဲ့ ကံကြီး(အနောက်)ရွာတွေကတော့ စစ်ရှောင်နေကြတယ်။ စစ်ကြောင်းကတော့ ပုလဲမြို့ထဲကနေ ထွက်မလာသေးဘူး” ဟု ကံကြီး(အနောက်)ကျေးရွာမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် ယမန်နေ့ (ဇန်နဝါရီ ၃၁ ရက်)၊ ည ၈ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်မှ ပုလဲမြို့နယ် တစ်နေရာသို့ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ညဆိုတော့ ဘယ်နေရာပစ်မှန်း မသိဘူး၊ နွယ်အင်းရွာမှာရှိတဲ့ ဆည်ဘက်လို့ ခန့်မှန်းရတယ်။ ပစ်တဲ့အချိန် မီးလေး နှစ်ချက်ပဲ မြင်လိုက်ရတာ” ဟု ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်နိုင်သဖြင့် ဒေသခံပြည်သူများအား သတိရှိရှိနေကြရန် ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်တွန်းထားသည်။