ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့သို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ ၄ဦးသေဆုံးမှု ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ နန်းမားမြို့မှာ မိသားစု ၄ ဦး ထမင်းစားနေချိန် လက်နက်ကြီးကျလာတာ ရှောင်လို့ပြေးလို့လဲမရတော့ဘူးလေ၊ မိန်းမဖြစ်သူက လက်နက်ကြီးကျတဲ့နေရာမှာတင်ဆုံးသွားပြီးတော့၊ ကလေးနှစ်ယောက်ထဲက ၁ယောက်ကတော့ ဆေးရုံမှာဆုံးတယ်။ နောက် ကလေးတစ်ယောက်နဲ့ အဖေဖြစ်သူက တော့ ဆေးရုံမှာ စောင့်ကြည့်နေဆဲပါ” ဟု စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများနှင့် ဆွေးမျိုးနီးစပ်သူ အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူသည် အသက် ၄၅နှစ်အရွယ် မနွယ်ဦး နှင့် ၎င်း၏ သမီးဖြစ်သူ အသက် ၄နှစ်အရွယ် ကလေးငယ်ထို့ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများနှင့် ဒဏ်ရာရရှိခဲ့သူများကို ဓာတ်ပုံရိုက်ခြင်းများ မပြုလုပ်ရန် စစ်ကောင်စီက တားမြစ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီ ၂၈ ရက်၌ပင် နန်းမားမြို့အခြေစိုက် စစ်ကောင်စီ အမြှောက်တပ် ၃၆၇ တပ်ရင်းမှ ညောင်ပင်သာ၊ ကသည်းကုန်း၊ တောင်အင်းနှင့် နန့်စော်လော် ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသား ၂ဦးသေဆုံးခဲ့သေးသည်။
“ ၂၈ရက်နေ့တစ်ရက်ထဲက လက်နက်ကြီးတွေနဲ့ပစ်လို့ သေတဲ့သူက လေးယောက်ရှိတယ်။ နန်းမားမြို့မှာ နှစ်ယောက်၊ တောင်အင်းရွာမှာ နှစ်ယောက်သေတာ” တောင်အင်းရွာနေ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးကပြောသည်။
စစ်ကောင်စီ လက်နက်ကြီးကြောင့် သေဆုံးခဲ့သည့် တောင်အင်းရွာ ဒေသခံနှစ်ဦးအနက် တစ်ဦးသည် လယ်ယာသို့ သွားနေချိန် လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်ပြီး အခြားတစ်ဦးသည် နန့်စော် လော်ရွာသို့ စျေးသွားဝယ်စဉ် လက်နက်ကြီး ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
“ သေတဲ့သူတွေကို လုံး၀ဓာတ်ပုံမရိုက်ခိုင်းဘူး။ စစ်ဆေးလို့တွေ့ရင် အရေးယူမယ်ဆိုပြီး စစ်တပ်က ခြိမ်းခြောက်တာ” ဟု နန့်စော်လော်ရွာနေ အမျိုးသားတစ်ဦးက ရှင်းပြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် မြို့များ၊ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူအများအပြား သေဆုံးလျက်ရှိသည်။