မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း ရှိ သစ်ချိုကုန်း ပျူစောထီး ကျေးရွာကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက ၅ ရက်ဆက်တိုက် ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သစ်ချိုကုန်းပျူစောထီး ကျေးရွာကို ဇန်နဝါရီ ၂၆ ရက်နေ့မှ စ၍ ၃၀ ရက်နေ့ အထိ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရာ ပျူစောထီးကင်းကုန်းနှင့် နေအိမ်၂လုံး ပျက်စီးခဲ့ပြီး ဇန်နဝါရီ၂၆ရက်နေ့ တိုက်ခိုက်မှုကြောင့် ယင်းရွာထဲရှိ အမျိုးသမီး ၃ဦး ထိခိုက်မှုရှိကြောင်း ပေါက်တောင်ပိုင်း ကျီးကန်းတပ်ဖွဲ့( ပကဖ )ထံက သိရသည်။
“ ကျနော်တို့က ၂၆ ရက်နေ့ကတည်းက မနေ့(ဇန်နဝါရီ၃၀ရက်) အထိ ဒရုန်းနဲ့ ဗုံး အလုံး ၃၀ ထက်မနည်း တိုက်ခိုက်တယ်။ ပထမ ရက်မှာပဲ အထိအခိုက် ရှိပြီး သူတို့ဘက်ကနေ ၂၇ ရက်နေ့ က တစ်ခါနဲ့ ၂၈ ရက်နေ့ က တစ်ခါ လာပြီး တိုက်ခဲ့တာပါ ” ပေါက်တောင်ပိုင်း ကျီးကန်းတပ်ဖွဲ့( ပကဖ ) တာ၀န်ခံ ရဲဘော် ကျီးကန်းက ပြောသည်။
ဇန်နဝါရီ၂၇ရက်နှင့် ၂၈ရက်တွင် သစ်ချိုကုန်း ပျူေစာထီးရွာ၊ ပင်တောင်ပျူစောထီးရွာ၊ တပ်ကုန်း ပျူစောထီးရွာနှင့် ကိုင်းလယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါသော အင်အား ၃၀ ကျော် တို့ သည်တော်လှန်ရေးတပ်ဖွဲ့တို့၏ ရှေ့ကင်း စခန်းကို လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ ၂၇ ရက်နေ့ နေ့လည် ၂နာရီလောက် သူတို့ဘက်က ပျူတွေ ဦးဆောင်ပြီး တက်လာတဲ့ အချိန်မှာ နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပြီး ပြန်ဆုတ်သွားတယ်။၂၈ ရက်နေ့ ကျတော့ ကိုင်းလယ် ရဲစခန်းမှူးပါ ပါလာတယ်။ ကျနော်တို့ ထောင်ထားတဲ့ မိုင်း နင်းမိပြီး ပျူတယောက် ယောက်ျား အင်္ဂါ ဖြတ်လိုက်ရတယ်လို့ သိရတယ် “ ဟု ၎င်း က ဆက်လက်ပြောသည်။
ဒရုန်းဖြင့် တိုက်ခိုက်မှုကို ပေါက်တောင်ပိုင်း ကျီးကန်းတပ်ဖွဲ့ (ပကဖ) ၊ပေါက်မြို့နယ် ပကဖ၊ မကွေးတိုင်း ပကဖ (ဒရုန်း လက်ရုံး တပ်ဖွဲ့)နှင့် သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးတို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
“ အဲနား တစ်ဝိုက်က ပျူရွာ များတယ်။ ဒါပေမဲ့၊ ကြာတော့လည်း သူတို့ မခံနိုင်တော့ဘူး ။ ရိက္ခာ ပြတ်လာပြီ ။ အနီးအနားက ခိုးဝှက် စားနေကြတာ “ ဟု ပေါက်တောင်ပိုင်း မှ ဒေသခံ တစ်ဦးက ပြောသည်။
ပေါက်တောင်ပိုင်း ရှိ ဝါးတော ရွာ၊သပြေအေး ရွာနှင့် ချောင်းနား ရွာတို့မှာ ပျူစောထီးကျေးရွာများနှင့် နီးသောကြောင့် နေရပ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသည်မှာ ၁ နှစ်ကျော် ကြာပြီ ဖြစ်ပြီး ပျူစောထီးတို့က ယင်းရွာများမှ ပစ္စည်းများ ခိုးယူကာ နေအိမ်များအား မီးရှို့ ဖျက်ဆီးကြကြောင်း သိရသည်။