ရန်ကုန်မြို့၌ နေထိုင်စားသောက်မှုစရိတ်များ အလွန်အမင်း မြင့်တက်လာသဖြင့် တစ်နယ်တစ်ကျေးမှ လာရောက် အလုပ်လုပ်ကိုင်သူများ ပို၍ ကျပ်တည်းလာကြောင်း MPA က စုံစမ်း သိရှိရသည်။
ရန်ကုန်မြို့စွန်များရှိ နေအိမ်၊ တိုက်ခန်းငှားခများသည်ပင် တစ်လလျင် ကျပ်တစ်သိန်းခွဲထိ ဖြစ်လာပြီး၊ အတန်အသင့်နေရာကောင်းသည့် ရပ်ကွက်များ၌ ငှားရမ်းခများသည် ကျပ်နှစ်သိန်းဝန်းကျင်ထိ ရှိနေသဖြင့် နယ်မှ လာရောက်သူများ ပိုမိုကျပ်တည်းလာခြင်းလည်းဖြစ်သည်။
ထို့ပြင် အဆောင်ငှားရမ်းခများမှာလည်း အနိမ့်ဆုံး ကျပ် ခုနှစ်သောင်းထိ ဖြစ်လာသဖြင့် နယ်ဝေးမှ လာရောက်သူများ အိမ်ငှားခ အလျင်မီရန် အခက်အခဲ ဖြစ်လာခြင်း ဖြစ်သည်။
“ အဆောင်ငှားရင်တောင် ခုနှစ်သောင်းဆိုတာ အကုန်ပြုံနေရတဲ့ နေရာမျိုးဘံရမယ်။ နည်းနည်းသန့်ရင် ကိုးသောင်း တစ်သိန်းပဲ” ဟု အဆောင်နေ အလုပ်သမားတစ်ဦးက ပြောသည်။
နယ်ဝေးမှ လာရသည့် လစာနည်း အလုပ်သမားများသည် သုံးနှစ်အတွင်း စားသောက်စရိတ် သုံးဆကျော်တက်လာသော်လည်း ၀င်ငွေ တိုးမလာသည့် အခြေအနေကို ကြုံနေရသည်ဟု သိရသည်။
ယင်းကြောင့် လစဥ် နေအိမ်တိုက်ခန်းငှားခနှင့် နေ့စဥ်စားသောက်စရိတ် လောက်ငှရန် အကြွေး ဖြင့် လည်ပတ်နေရသည်ဟု ဆိုကြသည်။
“ လစာက နှစ်သိန်းရှစ်သောင်းနဲ့ ဘယ်လို နေရမလဲ၊ အိမ်ငှားခက တစ်လ တစ်သိန်းကျော် လမ်းစရိတ် စားစရိတ်နဲ့ လစာက လကုန် အကြွေးဆပ်ပြန်ချေးနဲ့ပဲ သံသရာလည်နေတယ်” ဟု တာမွေမြို့နယ်မှ ကုမ္ပဏီ၀န်ထမ်းတစ်ဦးက ပြောသည်။
ရန်ကုန်မြို့၌ နေထိုင်စားသောက်စရိတ်များမှာ နယ်မြို့များထက် သိသိသာသာ ပိုများသဖြင့် ပို၍ ကျပ်တည်းရခြင်း ဖြစ်သည်ဟုလည်း သိရသည်။
“ နယ်က ဆိုင်တွေမှာ ရှမ်းခေါက်ဆွဲ ရှစ်ရာနဲ့ ရသေးတယ်။ အများကြီးလည်း ပိုများတယ်။ ဒီမှာက နှစ်ထောင်၊ အဲ့ဒီလိုကွာတယ်ပေါ့၊ ရန်ကုန်က နေဖို့ အဆင်မပြေတော့ဘူး” ဟု မွန်ပြည်နယ်မှ ရန်ကုန်သို့ လာရောက် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
အဆိုပါ နယ်ဝေးမှ လာရောက်သူများမှာ ပိုမိုကျပ်တည်းလာနေသော်လည်း နေရပ်ပြန်ပါက အခြေအနေ ပို၍ ဆိုးရွားမည်ကို စိုးရိမ်သဖြင့် ရရာ အလုပ်၀င်လုပ်ကာ ရန်ကုန်၌ ဆက်လက်နေထိုင်နေရကြောင်းလည်း သိရသည်။