ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲကာ ပြည်သူပိုင်နေအိမ်များကို မီးပတ်ရှို့နေသည့် စစ်ကောင်စီစစ်ကြောင်း ဇန်နဝါရီ ၂၉ ရက်က တိုက်ခိုက်ခံရသဖြင့် ၉ ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါအဝင် ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း ပုဝါနီစစ်ကြောင်းက ယနေ့သတင်းထုတ်ပြန်သည်။
အင်းအား ၈၀ ခန့်ပါသည့် အဆိုပါစစ်ကြောင်းသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ကဲလင်းဆိပ်ကျေးရွာမြောက်ဘက်ရှိ သင့်နံသာကျေးရွာဘက်သို့ စစ်တောင်းမြစ်ကမ်းပါးဘေးအတိုင်း စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပုဝါနီစစ်ကြောင်းရှိရဲဘော်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့က စနိုက်ပါ၊ ၄၀မမ တွေနဲ့ စပစ်တာတစ်ယောက်သေသွားတယ်။ ဒဏ်ရာရတဲ့ သူတွေလဲ ရှိတယ်၊ ဒီကောင်တွေက(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)နောက်ဆုတ်မသွားဘူး၊ ရှေ့ဆက်တိုးလာတာ၊ ကျွန်တော်တို့အဖွဲ့ကကြိုတင်ပြီးနေရာကောင်းကောင်းကနေဝိုင်းပစ်တာ၊ သူတို့က ကွင်းပြင်ကြီးထဲမှာ အကာကွယ်မရှိဘူး။ အကောင်ကြီးကြီးတစ်ကောင်ထိတော့ ဒဏ်ရာရတဲ့သူတွေသယ်ပြီးပြန်ဆုတ်သွားတယ်” ဟု ၎င်းကဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ကဲလင်းဆိပ်ကျေးရွာအတွင်းမှ ပြန်လည်ဆုတ်ခွာသွားသဖြင့် တော်လှန်ရေးရဲဘော်များက ကျေးရွာအတွင်းသို့ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးဝင်ရောက်ဆောင်ရွက်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
“တိုက်ပွဲဖြစ်ပြီးတဲ့ ညကတည်းက ရွာဝင်ကပ်တယ်၊ မနက်ကြနယ်မြေရှင်းလင်းရေး ဝင်လုပ်တယ်၊ လက်နက်တွေတော့မရဘူး။ စစ်အသုံးဆောင်ပစ္စည်း အနည်းငယ်ပဲ ကျန်ခဲ့တယ်၊ ရွာထဲကအိမ်ဆယ်လုံးကို မီးရှို့သွားတယ်” ဟု ၎င်းကဆိုသည်။
ကဲလင်းဆိပ်ကျေးရွာတွင်နေထိုင်သည့်အမျိုးသမီးတစ်ဦးက “ ခါတိုင်းလဲ ခဏခဏစစ်ကြောင်းထိုးတယ်၊ သူတို့လာရင် ခဏရှောင်နေလိုက်၊ ပြီးရင်ပြန်လာတယ်၊ အခုတစ်ခါကတော့ တစ်ရွာလုံးထွက်ပြေးရတာ၊ အိမ်တွေမှာကျန်ခဲ့တဲ့ ပစ္စည်းတွေလဲ ယူသွားတယ်ပြောတယ်” ဟု ဆိုသည်။
ကဲလင်းဆိပ်ကျေးရွာသို့ ဇန်နဝါရီ ၂၈ ရက်က စတင်စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ယင်းနေ့မှာပင် ၃ ကြိမ်တိုက်ခိုက်ခံရပြီး အနည်းဆုံး ၃ ဦးသေဆုံးခဲ့သေးသည်။