အသံတိတ် သပိတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နက်ဖြန်ခါ (ဖေဖေါ်ဝါရီ၁ရက်) ဆင်နွှဲကြမည်ဖြစ်ကြောင်းသိရသည်။
ပြည်သူ့နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံအဖြစ် အသံတိတ်သပိတ်ကို ဖေဖော်ဝါရီ ၁ရက်၊နံနက် ၁၀နာရီမှ ညနေ ၄နာရီအထိ ဆင်နွှဲမည်ဖြစ်သလို အင်္ကျီအဖြူ၊ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူ စသည့် အဖြူရောင် အဝတ်အစား၊အသုံးအဆောင်များ ဝတ်ဆင်သည့် အဖြူရောင်လှုပ်ရှားမှုကိုလည်း ဆင်နွှဲကြမည်ဖြစ်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)က ထုတ်ပြန်ထားသည်။
“ စစ်ကောင်စီကိုတော်လှန်ချင်တယ်။မြို့ပြမှာမို့ မပါဝင်နိုင်ဘူးဆိုတဲ့သူတွေအတွက် အိမ်မှာနေရင်းစစ်ကောင်စီကိုတော်လှန်နိုင်အောင် ပါဝင်နိုင်အောင် ပြုလုပ်တာပါ” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာက ပြောသည်။
နွေဦးတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်ပြီး ပြည်သူများအနေနှင့် တော်လှန်ရေးကို ထောက်ခံသည် ထက်ပို၍ လက်တွေ့ပူးပေါင်းမှုများဖြင့် သက်သေပြရမည့်အချိန် ဖြစ်ကြောင်း GSCB က ထုတ်ပြန်သည်။
“စစ်ကောင်စီက အသံတိတ်သပိတ်ကို အင်မတန်ကြောက်ရွံ့ခဲ့ရတယ်။တစ်နိုင်ငံလုံး တိတ်ဆိတ်သွား စေတဲ့ အရင့်အရင် အသံတိတ်သပိတ်ကို တစ်ကမ္ဘာလုံးက အံ့ဩမှင်တက်ခဲ့တယ်။ဒီတစ်ချီလည်း ကျနော်တို့ ပြည်သူတွေရဲ့ ညီညွတ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသဘောထားကို ပြသကြဖို့ တိုက် တွန်းချင်ပါတယ်” ဟု ရန်ကုန်အခြေစိုက် သပိတ်တိုက်ပွဲဝင် ရဲဘော်တစ်ဦးကပြောသည်။
ပြည်သူများအနေနှင့် ကိုယ့်အိမ်၊ကိုယ့်ဈေးဆိုင်၊ကိုယ့်ရုံးနှင့် ကိုယ့်အမိုးအကာအောက်တွင် နေကြကာ အသံတိတ်သပိတ်ကို ပညာသားပါပါ ဆင်နွှဲကြရန်လည်း GSCB ကတိုက်တွန်းထားသည်။