YBS စီးနင်းခများအား အနိမ့်ဆုံး ကျပ်လေးရာ ကောက်ခံရန် ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကော်မတီ (YRTC) က သတ်မှတ်လိုက်ကြောင်း YBS ယာဥ်မောင်းများ ထံမှ စုံစမ်းသိရသည်။
ယမန်နေ့( ဇန်နဝါရီ ၃၀ ရက်)ကစပြီး ကျပ်လေးရာ တရား၀င်ကောက်ခံရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
“ လေးရာက တရား၀င် ဖြစ်သွားပါပြီ၊ ဟိုနားဒီနားလည်း လေးရာပါပဲ” ဟု အမှတ် ၁၁၁ ယာဥ်လိုင်းမှ YBS ယာဥ်မောင်း တစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းမှု မတိုင်မီက ကျပ်နှစ်ရာသာ ရှိခဲ့သည့် YBS စီးနင်းခများမှာ သုံးနှစ်အတွင်း နှစ်ဆမြင့်တက်လာခြင်း ဖြစ်ပြီး မှတ်တိုင် အနည်းငယ်စီးလျင်ပင် ကျပ်လေးရာ ပေးစီးနေရ၍ ကုန်ကျစရိတ် ပိုလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
“ ဟိုနားဒီနား သုံးရာနဲ့ ပေးလို့ရနေတာကို လေးရာ တရား၀င်လုပ်ပေးတော့ ပိုပြီး တိုင်ပတ်တာပေါ့ဗျာ” ဟု နေ့စဥ် YBS စီး၍ အလုပ်သွားနေရသူ တစ်ဦးက ပြောသည်။
ခရီးစဥ် ပိုဝေးသည့် ယာဥ်လိုင်းများမှာ လေးရာကျပ်ထက် ပိုကောက်ခြင်းများရှိပြီး ခရီးစဥ် အစအဆုံး ကျပ် ၇၀၀ ကောက်ခံသည့် ယာဥ်လိုင်းများလည်း ရှိကြောင်း သိရသည်။
ယင်းသို့ကောက်ခံရခြင်းသည် စက်သုံးဆီစျေး မြင့်မားနေခြင်း၊ CNG ဂတ်စ် ကြာမြင့်စွာ တန်းစီရခြင်းနှင့် ကုန်စျေးနှုန်း အလွန်အမင်း မြင့်တက်နေခြင်းကြောင့်ဟု သိရသည်။
“ ဆီစျေးနဲ့ ဆန်စျေးနဲ့ မကိုက်တော့လို့ တိုးကောက်ရတာ၊ ကုန်စျေးနှုန်းက အဆမတန်တက်နေတာလေ” ဟု ဆူးလေ မှ မင်္ဂလာဒုံသို့ ပြေးဆွဲနေသည့် YBS ယာဥ်မောင်း တစ်ဦးက ပြောသည်။
ရန်ကုန်မြို့၌ YBS ယာဥ်လိုင်းပေါင်း ၁၃၁ လိုင်း ရှိပြီး ယာဥ်စီးခများမှာ မြို့တွင်း ပြေးဆွဲသည့် ယာဥ်လိုင်းအချို့မှအပ ကျန်ယာဥ်လိုင်းများ၌ အနိမ့်ဆုံး ကျပ်လေးရာမှ အများဆုံး ကျပ် ၇၀၀ ကောက်ခံလျှက်ရှိကြောင်း သိရသည်။