စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာအနီးရှိ မြို့နယ်ပအဖ၏ အခွန်ဂိတ်အား ရွှေ့ပြောင်းပေးရန် ဒေသခံရွာသူ၊ ရွာသားများက ဆန္ဒပြတောင်းဆိုခဲ့ခြင်းကြောင့် ဇန်နဝါရီ ၂၈ ရက်တွင် နေရာပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
လည်ငေါက်ကျေးရွာသည် ယင်းမာပင်မြို့နယ်၏ တောင်ဘက် ၂ မိုင်ခန့်အကွာ၊ ပုလဲ-ယင်းမာပင်-မုံရွာ အဝေးပြေးကားလမ်းမကြီးပေါ်တွင်တည်ရှိပြီး မြို့နယ်ပအဖဖွင့်လှစ်ထားသော အဆိုပါအခွန်ဂိတ်မှာ ကျေးရွာနယ်နိမိတ်နှင့် နီးကပ်နေခြင်းကြောင့် စစ်ကောင်စီတပ်လာရောက်စစ်ကြောင်းထိုးမည်ကို ဒေသခံများကစိုးရိမ်နေသဖြင့် ရွာနှင့် လွတ်ကင်းသည့်နေရာတွင် ပြောင်းရွှေ့ပေးရန် ဇန်နဝါရီ၊ ဒုတိယပတ်အတွင်းက ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
“ ရွာနဲ့ လွတ်ကင်းတဲ့နေရာကို ရွှေ့ပြီးသွားပါပြီ။ ကျေးရွာနဲ့က ပြောပြီးသားပါ။ လုပ်မယ့်ကလေးတွေက အရှေ့ထိပ်၊ အနောက်ထိပ်တင် ရွှေ့တာလေး အဲ့လိုလေး နည်းနည်း လွဲသွားတာပေါ့နော်။ ကျွန်တော်တို့ သွားရွေ့ပေးတဲ့ဟာက ရွာနဲ့ ဧရိယာလွတ်ကင်းတဲ့နေရာအထိ ရွှေ့ပေးမယ်ဆိုပြီး ပြောထားတာ။ ရွာကလည်း အဲ့တာဆိုရင် သဘောတူပါတယ်ဆိုပြီး ပြောထားပြီးသားပေါ့” ဟု မြို့နယ်ပအဖအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
အဆိုပါ အခွန်ဂိတ်ကိုပြောင်းရွှေ့ရန် ဇန်နဝါရီ ၂၆ ရက်က ကျေးရွာနှင့် ပအဖ ထပ်မံ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ကျေးရွာနယ်နိမိတ်နှင့် လွတ်ကင်းသောနေရာအား ဒေသခံများ၏ သဘောတူညီမှုဖြင့် ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ စကစ ဆိုတာက အခုကာလမှာ ကြွက်မနိုင်၊ ကျီမီးနဲ့ရှို့နေတဲ့ အနေအထားမလို့၊ အကိုတို့က အဲ့ဒါကို ရှေ့ကြိုတွေးပြီးတော့ လုပ်ရတာ။ အခုရွှေ့လိုက်တဲ့နေရာကတော့ မဆိုးပါဘူး” ဟု လည်ငေါက်ကျေးရွာမှ ပြည်သူတစ်ဦးကဆိုသည်။
လည်ငေါက်ရွာသည် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီ၏မီးရှို့ဖျက်ဆီးမှုကို (၂) ကြိမ်ခံခဲ့ရပြီး နေအိမ် ၅၀ ကျော်မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။