ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက လေစီးကြောင်းများနှင့်အတူပါလာသော တိမ်တိုက်များကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသအချို့တွင် ယခုလ စတုတ္ထပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
လတ်တလောခန့်မှန်းထားချက်များအရ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအလယ်ပိုင်း၊ မန္တလေးတိုင်း အထက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဇန်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နေရာဒေသအလိုက် ရွာရန်ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိရှိပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၂၀ မှ မိုင် ၃၀ နှုန်းအထိရှိနိုင်ကြောင်း သိရသည်။
“ မနက်ဖြန် ၂၅ ရက်နဲ့ ၂၆ ရက် နှစ်ရက်ကတော့ တော်တော်လေး သေချာတယ်။ ၂၈ ရက်အထိကနေပြီးတော့ ဇန်နဝါရီလအကုန် ၃၀၊ ၃၁ ရက်အထိကတော့ မသေချာတော့ဘူး။ ချင်းပြည်နယ်မှာ မိုးများမယ်။ ဘာဖြစ်လို့လဲဆိုတော့ တိမ်တွေက ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်တယ်။ ဖြတ်ပြီးသွားတော့ ချင်းတောင်တန်းက အရင်ဆုံးစပြီး အဲ့တိမ်တွေကို စထိတယ်။ အဲ့ဒီအချိန်မှာ မြောက်ဘက် ဟိမဝန္တာနဲ့ ကချင်ပြည်နယ်ဘက်က လေအေးစီးကြောင်းကလည်း ရှိနေတယ်။ အဲ့ဒီတော့ အဲ့ဒီလေအေးစီးကြောင်းနဲ့ မိုးတိမ်တွေနဲ့ ထိပြီးတော့ မိုးရွာတာပါပဲ” ဟု ဦးဝင်းနိုင်ကပြောသည်။
ယနေ့နံနက်ပိုင်း တိုင်းထွာချက်များအရ ဇန်နဝါရီလ၂၅ ရက်နှင့်၂၆ ရက်တို့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၌ ရွာရန် ၉၅ ရာခိုင်နှုန်းနှင့် မိုးရေချိန် ၂၀ မီလီမီတာအထက်၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ရွာရန် ၅၄ ရာခိုင်နှုန်းနှင့် မိုးရေချိန် ၁၀ မီလီမီတာအထက်၊ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့တွင် ရွာရန် ၈၉ ရာခိုင်နှုန်း နှင့် မိုးရေချိန် ၂၀ မီလီမီတာအထက်၊ တကောင်းမြို့တွင် ရွာရန် ၅၈ ရာခိုင်နှုန်းနှင့် မိုးရေချိန် ၁၂ မီလီမီတာအထက်၊ မိုးကုတ်မြို့တွင် ရွာရန် ၆၃ ရာခိုင်နှုန်းနှင့် မိုးရေချိန် ၇.၅ မီလီမီတာအထက်၊ လားရှိုးမြို့တွင် ရွာရန် ၅၈ ရာခိုင်နှုန်းနှင့် မိုးရေချိန် ၇.၅ မီလီမီတာအထက်၊ တန့်ဆည်မြို့တွင် ရွာရန် ၅၁ ရာခိုင်နှုန်းနှင့် မိုးရေချိန် ၇ မီလီမီတာအထက် ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။
“ စစ်ကိုင်းတိုင်းအလယ်ပိုင်းတို့၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ဆိုတာက စစ်ရှောင်တဲ့ပြည်သူတွေများတယ်။ များတယ်ဆိုတဲ့အခါကျတော့ မိုးခိုနိုင်အောင်၊ မိုးလွတ်အောင်အတွက်ကတော့ အရင်ဆုံး ကြိုတင်ပြီးတော့ ပြင်ဆင်ထားဖို့လိုမယ်လို့ထင်တယ်” ဟု မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ကအကြံပြုသည်။
ယခုကဲ့သို့ အချိန်အခါမဟုတ် မိုးရွာသွန်းရခြင်းမှာ ကမ္ဘာ့တောင်ဘက်ခြမ်းရှိ သြစတေးလျတိုက်နှင့် အာဖရိကတိုက်အရှေ့ဘက်က အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် မုန်တိုင်းများဖြစ်ပွားနေပြီး အယ်လ်နီညိုလည်း အားကောင်းနေခြင်းကြောင့် ၎င်းအခြေအနေများက ကမ္ဘာ့မြောက်ပိုင်းသို့ သက်ရောက်လာခြင်းကြောင့်ဖြစ်ကောင်း သိရသည်။
ဆောင်းတွင်းကာလသည် မိုးရွာသွန်းမှု နည်းပါးသော်လည်း ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်သည့် လေဖိအားနည်း ရပ်ဝန်းနှင့် မုန်တိုင်းများ၊ အရှေ့ဘက်မှလာသော လေပွေလှိုင်းများ၊ လေစီးကြောင်းများနှင့် မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များကြောင့် မိုးရွာသွန်းသည့် ဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိသည်။