NLD အစိုးရ၏နေပြည်တော် ဒုတိယမြို့တော်ဝန်ဖြစ်သူဦးရဲမင်းဦးကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများထဲမှမြန်မာငွေသန်း၁၂၀၀ကျော်ဆုံးရှုံးရသည်ဟုစွပ်စွဲပြီး စစ်တပ်လက်အောက်ခံ အဂတိကော်မရှင်က တရားစွဲရန်ပြင်ဆင်နေကြောင်း စစ်တပ်ဝါဒဖြန့်မီဒီယာက သြဂုတ်လ ၅ရက်နေ့တွင်ကြေညာခဲ့သည်။
ဦးရဲမင်းဦးကို စစ်တပ်အနေဖြင့် ကုမ္ပဏီငှါးရမ်းမှုတင်ဒါကိစ္စများ၊ ချေးငွေကိစ္စများတွင် နိုင်ငံတော်သမ္မတရုံး၏ထုတ်ပြန်သောအမိန့်များကို လိုက်နာခြင်းမရှိဘဲ ခွင့်ပြုပေးခြင်းများကြောင့် နိုင်ငံတော်ငွေကြေးဆုံးရှုံးခြင်းများရှိခဲ့သည်ဟုစွပ်စွဲပြီး နေပြည်တော်ကောင်စီနယ်မြေအမှတ်၁နှင့် အမှတ်၅မြို့မရဲစခန်းများတွင် အဂတိလိုက်စားမှုဥပဒေပုဒ်မ၅၅ဖြင့် တရားစွဲဆိုရန်ပြင်ဆင်နေကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဦးရဲမင်းဦးသည် ရန်ကုန်မြို့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ၄၀၉ဖြင့် အမှုရင်ဆိုင်နေရလျက်ရှိနေပြီး နေပြည်တော်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါက်တာမျိုးအောင်၊ ဦးမင်းသူနှင့်အတူ အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅၊ ၅၅/၆၃များဖြင့်လည်း အမှုဖွင့်ခြင်းခံထားရသည်။ လက်ရှိအချိန်တွင် ဦးရဲမင်းဦးအနေဖြင့် အခြားအမှုများ ရင်ဆိုင်နေရခြင်းမရှိဘဲ ပုဒ်မ၄၀၉ဖြင့်သာ တရားရင်ဆိုင်နေရသည်။
“ဦးရဲမင်းဦးအနေနဲ့ ရန်ကုန်က ဒဂုံမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ၄၀၉နဲ့စွဲထားလို့ တရားရင်ဆိုင်နေရတာရှိပါတယ်။ ကျန်တာ အန်တီနဲ့အတူတူစွဲခံရတဲ့အမှုက ပါဝါတောင်မတင်ရသေးပါဘူး”ဟု ဦးရဲမင်းအတွက် ရှေ့နေအဖြစ်ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေဒေါ်စန်းမာလာညွန့်ကဆိုသည်။
ဦးရဲမင်းဦးသည် စစ်တပ်အာဏာသိမ်းမှုမကျူးလွန်မီတွင် နေပြည်တော်ဒုတိယမြို့တော်ဝန်နှင့် ရန်ကုန်တိုင်းဒေသကြီး၏စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပြီး ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၏ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ၎
င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အောင်မြင်သောဘဏ်လုပ်ငန်းရှင်တစ်ဦးနှင့် စီးပွားရေးပညာရှင်တစ်ဦးအနေဖြင့် ပြည်သူများအကြားထင်ရှားသည့် သူတစ်ဦးဖြစ်သည်။
စစ်တပ်မှအာဏာသိမ်းမှုကျူးလွန်သည့် ဖေဖော်ဝါရီတစ်ရက်နေ့နံနက်ပိုင်းတွင် နိုင်ငံ့ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ NLDထိပ်ပိုင်းခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ စာရေးဆရာများနှင့် အနုပညာရှင်အများအပြားကိုဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများတွင် ဦးရဲမင်းဦးလည်းပါဝင်ခဲ့သည်။
ဖေဖော်ဝါရီလ၃ရက်နေ့တွင် ဦးရဲမင်းဦးကို နေပြည်တော်ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်မှရပ်စဲကြောင်း အာဏာသိမ်းစစ်တပ်ကထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်တွင် ဦးရဲမင်းဦးသည် အင်းစိန်ထောင်၏တိုက်တစ်ခုတွင် ကျန်းကျန်းမာမာရှိနေကြောင်းသိရသည်။
“ဦးရဲမင်းဦးက အင်းစိန်ထောင်တိုက်၁၂မှာကျန်းကျန်းမာမာနဲ့ရှိနေပါတယ်” ဟု အင်းစိန်ထောင်မှလွတ်မြောက်လာသူတစ်ဦးက MPAသို့အတည်ပြုပြောကြားသည်။
စစ်တပ်အနေဖြင့် အာဏာသိမ်းမှုကျူးလွန်ပြီးချိန်မှစ၍ ဖမ်းဆီးထားသည့်နိုင်ငံ့ခေါင်းဆောင်များ၊ ဝန်ကြီးများ၊ တက်ကြွလှုပ်ရှားသူများကို ပုဒ်မအမျိုးမျိုးဖြင့်အမှုဖွင့်ပြီးတရားစွဲဆိုလျက်ရှိသည်ကိုတွေ့ရသည်။
ယခုဆိုလျှင် မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းယူထားသည်မှာ ခြောက်လကျော်ရှိလာပြီဖြစ်ပြီး အပြစ်မဲ့ပြည်သူပေါင်း ၅၀၀၀ကျော်ကိုဖမ်းဆီးထားကာ လူ ၉၄၀ကျော်ကို အကြောင်းမဲ့သတ်ဖြတ်ခဲ့သည်။