အမျိုးသားညီညွတ်ရေးအစိုးရမှအသိအမှတ်ပြုထားသောကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းသည် သိသာသောလုံခြုံရေးဆိုင်ရာခြိမ်းခြောက်ခြင်းခံခဲ့ရသည့်အတွက် အမေရိကန်အစိုးရက ဦးကျော်မိုးထွန်း၏လုံခြုံရေးအတွက်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ပေးထားကြောင်းသိရသည်။
သိသာထင်ရှားသည့်ခြိမ်းခြောက်မှုတစ်ခုရှိခဲ့ကြောင်း၊ယခု ရဲမှလိုအပ်သောအစီအမံများပြုလုပ်ပေးထားပြီးဖြစ်ကြောင်း ဦးကျော်မိုးထွန်းကပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက သြဂုတ်လ၅ရက်နေ့တွင်ဖော်ပြခဲ့သည်။
၎င်းတို့၏ဖော်ပြချက်တွင် အမေရိကန်အာဏာပိုင်များအနေဖြင့်ဦးကျော်မိုးထွန်း၏လုံခြုံရေးအခြေအနေနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာပြောကြားခြင်းမရှိသေးကြောင်းသိရသည်။
ဦးကျော်မိုးထွန်းသည်မြန်မာနိုင်ငံတွင်စစ်တပ်က အာဏာသိမ်းမှုကျူးလွန်ပြီးချိန်မှစ CDMလှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီးပြည်သူလူထုဘက်မှရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသောအခြေအနေများကိုနိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်သည်။ထို့အတွက်ကြောင့် ဦးကျော်မိုးထွန်းကိုထုတ်ပယ်ကြောင်း စစ်တပ်ကကြေညာခဲ့သော်လည်း ကုလသမဂ္ဂအနေဖြင့် စစ်အာဏာသိမ်းမှုကိုအသိအမှတ်မပြုသဖြင့် ဦးကျော်မိုးထွန်းသည် သံအမတ်ကြီးအဖြစ်တည်ရှိနေဆဲဖြစ်သည်။
အကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားရေးတာဝန်ယူထားသူ ဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံဆိုင်ရာကုလကိုယ်စားလှယ်အဖြစ် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ရှိနေသည့် ဗိုလ်မှူးကြီးအောင်သူရိန်ကို အစားထိုးခဲ့ပြီး ၎င်းသည် လာမည့်စက်တင်ဘာလတွင် ၎င်းကိုလက်ခံခြင်း မခံခြင်းနှင့်ပတ်သက်၍ (၇၆) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဖွဲ့ ဝင်ကိုးနိုင်ငံပါသည့် Credential Committeeကအဆုံးဖြတ်ပေးသွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်စစ်တပ်က အာဏာသိမ်းမှုကျူးလွန်ထားသည်မှာ ခြောက်လကျော်ကာလသို့ရောက်ရှိလာပြီး စစ်တပ်အနေဖြင့် အပြစ်မဲ့ပြည်သူပေါင်း ၅၀၀၀ကျော်ကိုဖမ်းဆီးထားကာ လူ ၉၄၀ ကျော်ကိုအကြောင်းမဲ့သတ်ဖြတ်ခဲ့သည်။