ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စကခ ၁၉ လက်အောက်ခံ၊ ခမရ ၃၀၈ တပ်ရင်းကို ဇန်နဝါရီ၊ ပထမပတ်အတွင်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြားသိမ်းဆည်းနိုင်ကြောင်း ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ၊ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်စေရန် တိုက်ခိုက်သွားမည်ဟု ကြေညာပြီးနောက် ဇန်နဝါရီလ ၉ ရက်၊ တစ်ရက်လုံး အဆိုပါဒေသအတွင်း တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“စစ်ကောင်စီကတော့ ခုခံစစ်ထက် ပြည်သူကို ပစ်မှတ်ထား ဒုက္ခရောက်အောင် လုပ်ပြီးတော့ စစ်ပွဲကို အနိုင်ယူဖို့ ကြိုးစားနေတယ်။ လက်တွေ့မှာတော့ ပြည်သူတွေက နာကြီးချက်တွေနဲ့ဖြစ်ပြီး ULA/AAနဲ့ ပိုပြီး ပူးပေါင်းလာတယ်။ ဘယ်လိုပဲ ယှဉ်ယှဉ် သူတို့အနေနဲ့ ULA/AAကို နိုင်ဖို့ အလားအလာမရှိဘူး။ လက်နက်ချတာတွေ တောက်လျှောက်ဖြစ်လာလိမ့်မယ်လို့ပဲ မြင်နေရပါတယ်”ဟု ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ဆိုသည်။
စစ်ကောင်စီအနေဖြင့် ပလက်ဝမြို့နယ်အတွင်း ကျန်ရှိနေသော ဗျူဟာကုန်းများနှင့် တပ်စခန်းများ မကျစေရန်အတွက် အပြင်းအထန်ခုခံမှုများရှိနေပြီး ဂျက်တိုက်လေယာဉ်များ၊ လက်နက်ကြီးပစ်ကူများဖြင့်ပါ တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“ပလက်ဝကတော့ အခုလောလောဆယ် စစ်ရှောင်နေရတယ်။ တစ်ချို့ကတော့ လုံခြုံတယ်လို့ ယူဆရတဲ့ ရွာတွေနဲ့ နေရာတွေမှာ ရှောင်နေရတယ်။ အခုလက်ရှိအနေအထားကတော့ မြို့ပေါ်နေပြည်သူ ၃၀၀၀၀ ကျော်လောက်ကတော့ စစ်ရှောင်နေရတယ်”ဟု ပလက်ဝမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထက်က MPA ကို ပြောသည်။
လက်ရှိချိန်တွင် ပြည်သူများအတွက် တော်လှန်ရေးလုပ်နေကြခြင်းဖြစ်သောကြောင့် ပြည်သူများ ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
“တိုင်းပြည်ရဲ့ အဓိကနေရာမှာရှိနေတဲ့ ဗမာအစိုးရ အဆက်ဆက် စစ်အစိုးရဖြစ်ဖြစ်၊ ဒီမိုကရေစီအစိုးရဖြစ်ဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာကို ပါးစပ်ကပြောနေရုံပဲရှိတယ်။ လက်တွေ့ မကျင့်သုံးခဲ့ဘူး။ လွတ်လပ်ရေးရပြီး ၇၅ နှစ်တိုင်တိုင်လည်းရှိခဲ့ပြီ တိုင်းရင်းသားတွေက ငါတို့နိုင်ငံ ငါတို့တိုင်းပြည်ပါလားဆိုတဲ့ စိတ်ဓါတ်မျိုးကို ရအောင်လည်း မလုပ်နိုင်ခဲ့ဘူး။ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ဘာမှ ဂရုမစိုက်ခဲ့ဘဲ ဗမာလူမျိုးကြီးဝါဒကိုပဲ ကျင့်သုံးခဲ့တဲ့ အကျိုးဆက်တွေပေါ့။ ဒါကြောင့်လည်း တိုင်းပြည်ဟာ ဒီအခြေအနေတွေထိဖြစ်ခဲ့ရတာပေါ့”ဟု ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက မှတ်ချက်ပြုသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အစပ်တွင်ရှိသော စစ်ကောင်စီ၏ မီးဝဗျူဟာကုန်းကိုလည်း ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသလို ယင်းတိုက်ပွဲတွင်လည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များအား အကြိမ်ဖန်များစွာသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။