By MPA
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန့်ကျေးရွာအနီးတွင် သြဂုတ်လ ၂ ရက်နေ့ ညသန်းခေါင် ကျော်အချိန်မှစ၍ လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ်ကြားနေရပြီး တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ည သန်းခေါင်ကျော်ချိန်မှစ၍ ယနေ့မနက် ၃နာရီခန့်ထိ ဝိုင်းမော်မြို့ အခြေစိုက်စစ်တပ် ခလရ ၅၈ အနီးမှ ညလုံးပေါက် လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရကြောင်း သိရသည်။
“ ညသန်းခေါင်ကျော်လောက်ထဲက တောက်လျှောက် အဆက်မပြတ် ပစ်နေတာ။ မနက်၃နာရီလောက်မှ ရပ်သွားတယ်” ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ယင်းသို့ ပစ်ခတ်မှုများကြောင့် ဝိုင်းမော်မြို့နယ် လဘန်ကျေးရွာအနီး ဝိုင်းမော်-ဝါးရှောင် ကားလမ်းမပေါ်သို့ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ကျရောက်ခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့သည် KIA တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်း တည်ရှိပြီး ဇူလိုင်လ ၂၉ ရက်နေ့ညပိုင်း ကလည်း ခလရ ၅၈ တပ်ရင်းသို့ KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကော်မတီက KIA လိုင်ဇာ ဗဟိုဌာနချုပ်ကို ဇူလိုင်လ ၃၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေး သဝဏ်လွှာ ပေးပို့ခဲ့ပြီး နိုင်ငံတစ်ဝန်း အပစ်ခတ်ရပ်စဲ မှုအား စက်တင်ဘာလကုန်ထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဥ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင် ရေး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေ ကြားခြင်း မရှိခဲ့ပါ။