ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်၊ရေဖြူကန်ရွာရှိ နာရေးအိမ်ဝင်းထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ညောင်လေးပင်မြို့အခြေစိုက် ခမရ-၂၀ တပ်ရင်းမှ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ ရေဖြူကန်ကျေးရွာရှိ နာရေးအိမ်ဝင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံကသိရသည်။
“ရေဖြူကန်မှာက နာရေးအိမ်ဝန်းထဲကျရောက်ပေါက်ကွဲတာ။ဒဏ်ရာရတဲ့ သူတစ်ချို့ကို ညောင်လေး ပင်ဆေးရုံကိုပို့တယ်။ဒဏ်ရာပိုပြင်းထန်တဲ့သူကို ပဲခူးဆေးရုံကိုပို့တယ်။ပဲခူးဆေးရုံကိုပို့တဲ့အထဲကမှ မအေးမာ ကတော့ လမ်းမှာပဲ ဘုရားကြီးမြို့အရောက်မှာ ဆုံးသွားပါတယ်” ဟု ဒဏ်ရာရသူများကို ကူညီပေးနေသူတစ်ဦး ကပြောသည်။
ရေဖြူကန်ရွာမှ ဒေါ်စန်းပို(၅၅နှစ်)၊ ဦးညွန့်တင်(၆၂နှစ်)၊ မအေးမာ(၃၅နှစ်) နှင့် နာရေးအိမ်သို့လာသည့် ကြိုးကြာကွင်းရွာသား ကိုဟိန်း(၁၆နှစ်) တို့သေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသား ၇ ဦးနှင့်အမျိုးသမီး ၇ ဦးစုစုပေါင်း ၁၄ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“နာရေးအိမ်ကို ကျပြီး အရင်ဆုံး ၃ ယောက်သေတယ်။ပဲခူး ဆေးရုံအသွား ဘုရားကြီးမြို့အရောက် လမ်းမှာ တစ်ယောက်ထပ်သေတယ်။ကျနော်တို့စာရင်းက သေဆုံးတဲ့သူနဲ့ ဒဏ်ရာပြင်းထန်တဲ့သူကိုပဲကောက်ထားတာ။အစ အန မှန်တဲ့သူတွေရဲ့စာရင်းတွေမပါသေးဘူး”ဟု အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း မှ ရဲဘော် တစ်ဦး ကပြောသည်။
၂၀၂၃ခုနှစ်၊အောက်တိုဘာ ၃၀ ရက်၊ ည ၁၀ နာရီခန့်ကလည်း ခမရ-၂၀ တပ်ရင်းမှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ရေဖြူကန်ရွာသို့ ကျရောက်ခဲ့ပြီး သားအမိ ၂ ဦးအပါအဝင် ၄ ဦးဒဏ်ရာရရှိခဲ့သေးသည်။
ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းပစ်ကူပါ ပြုလုပ်နေသည့် အတွက် ကျေးရွာ ၂၀ ဝန်းကျင်မှ ဒေသခံပြည်သူ ၄၀၀၀၀ ကျော် စစ်ဘေးရှောင်နေရ ကြောင်း သိရသည်။