ရွှေသံလွင် ကုမ္ပဏီပိုင် Sky Netမီဒီယာမှ ၄င်းတို့ပြသနေသောရုပ်သံလိုင်းများမှ အားကစား၊ ကာ တွန်း၊ ရုပ်ရှင်၊ သတင်းလိုင်းများ အပါအဝင် ရုပ်သံလိုင်း ၂၀ ကျော်အား သြဂုတ်လ ၁ ရက်နေ့ ကစ၍ ဖြတ်တောက်ခြင်းအား သက်ဆိုင်ရာ ရုပ်သံလိုင်းများနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။တစုံတရာအကြောင်းကြားသတင်းထုတ်ပြန်ခြင်း မရှိဘဲ ယင်းသို့ဖြတ်ချခဲ့ခြင်းအပေါ် သုံးစွဲသူများ အကြား ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။
“ ကတိကဝတ်ပြုပြီး ရောင်းချထားတဲ့ရုပ်သံလိုင်း တွေကို အသိမပေးဘဲ ဖြတ်ချလိုက်တာတော့ ရောင်းချသူနဲ့ သုံးစွဲသူကြား ကျင့်ဝတ်မရှိရာကျတယ်” ဟု ရန်ကုန်မြို့တွင်နေထိုင်ပြီး Sky Net တပ်ဆင်ထားသူအချို့က MPAသို့ပြောသည်။ ယင်းသို့ ရုပ်သံလိုင်းများပြတ်တောက်နေခြင်းနှင့်ပတ်သက်၍ Sky Net ၏ တာဝန်ရှိသူများ အနေဖြင့် ညှိနှိုင်း လုပ်ဆောင်နေကြောင်း သိရသည်။
“ Sport လိုင်းတွေနဲ့ တခြား International လိုင်း တွေက ပြင်ဆင်ရေးလုပ်နေလို့ ခနပြတ်တောက် သွားတယ်။ ဘယ်လောက်ကြာမယ်ဆိုတာတော့ ရက်ကအတိအကျတော့ မသိရသေးဘူး။ ” ဟု Sky Net ရုံးချုပ်မှ MPA သတင်းဌာန၏ တယ်လီဖုန်းဖြင့် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
လက်ရှိတွင် ရုပ်သံလိုင်းများပြန်လည်ရရှိရေး အ တွက် လုပ်ဆောင်နေသဖြင့် ပြတ်တောက်နေသည့် ကာလများအတွက်နစ်နာမှုအား တာဝန်ရှိသူ များထံ ပြန်လည်တင်ပြထားကြောင်းနှင့် မည် သို့စီစဥ်ပေးမည်ကို မသိရသေးကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
Sky Net မီဒီယာသည် မြန်မာနိုင်ငံအတွင်း ကြည့်ရှု့သူ အများဆုံး ရုပ်သံလိုင်းတခုဖြစ်ပြီး ရုပ်သံလိုင်း ၁၀၀ ကျော်ဖြင့် ဖျော်ဖြေရေးဝန်ဆောင်မှု ပေးနေကြောင်းသိရသည်။