လောက်ကိုင်မြို့တွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ကာလေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်နေကြောင်း သိရသည်။
လောက်ကိုင်ဒေသတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် MNDAA တို့ ဒီဇင်ဘာ ၁၈ ရက်နေ့ကတည်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့(ဒီဇင်ဘာ၂၇ရက်)၌ MNDAA ရဲဘော်များကို လောက်ကိုင်မြို့တွင်း တွေ့ရကြောင်း လောက်ကိုင်တွင် လက်ရှိနေထိုင်သူတစ်ဦးထံက သိရသည်။
“ အခုမြို့ထဲကို စစ်တပ်ဘက်က လေယာဥ်တွေနဲ့လာပြီး ခုခံနေတာပေါ့။ဗုံးတွေဆိုလည်းအဝေးကနေလှမ်းပစ်တာ။သူတို့ပစ်တဲ့ ဗုံးအသေးဆိုရင် အခန်းဝမှာတင်ကျတာ။တစ်ချက်တစ်ချက် ဆို အုန်းခနဲပဲ။တိုက်အထူကြီးတောင် ၄လက်မလောက်ဖောက်ဝင်တယ်” ဟု၎င်းကပြောသည်။
လက်ရှိတွင် လောက်ကိုင်မြို့၌ လျှပ်စစ်မီးနှင့် ဝိုင်ဖိုင် အင်တာနက်ပြတ်တောက်နေပြီး အင်တာနက်ရသည့် တရုတ်ဖုန်းကတ်ရှိမှသာ လိုင်းသုံး၍ရကြောင်း သိရသည်။
ဒီဇင်ဘာ၂၅ရက်တွင် လောက်ကိုင်မြို့ ရပ်ကွက်များသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သ ဖြင့် ပြည်သူ၈ဦးသေဆုံးပြီး ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
“ တုန်ချိန်ဘက်မှာ သေတာ၊လမ်းဘေးမှာတင် ၁၀ ယောက်လောက်ရှိမယ်ထင်တယ်။တရုတ်နိုင်ငံသားတွေလည်းပါတယ်၊မြင်ရသလောက် တရုတ်နိုင်ငံသား၊ တခြားနိုင်ငံသားတွေလည်းပါမယ်။လမ်းမှာတင် ဗုံးကွဲ ပြီးသေတာ” ဟု မျက်မြင်ဒေသခံတစ်ဦးကပြောသည်။
လောက်ကိုင်မြို့တွင်းသို့ စစ်ကောင်စီတပ်ပစ်ခတ်သည့်လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး အထပ်မြင့်တိုက်များပေါ်ရှိ ပြတင်းပေါက်မှန်များ ကွဲခဲ့သော်လည်း ပြည်သူထိခိုက်မှုမရှိသေးကြောင်းသိရသည်။