စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဖလံချိုင်ေကျးရွာနေအဘွားအို၂ဦး စစ်ကြောင်းရှောင်ရင်း သေဆုံး သွားကြောင်းသိရသည်။
ကန့်ဘလူတောင်ခြမ်းရှိ ထန်းကုန်းတိုက်နယ်ကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ရာ ဖလံချိုင်ကျေးရွာအပါအဝင် ရွာအချို့ အရေးပေါ်စစ်ကြောင်းရှောင်ခဲ့ရကြောင်း ကန့်ဘလူမြို့နယ်ရှိ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးကပြောသည်။
“ အဘွားအို ၂ ဦးက စစ်ကြောင်းကို ကြောက်လို့ စစ်ရှောင်ရင်းမွန်းလွဲ ၁ နာရီလောက်က ဆုံးသွားတာပါ ။အသက်လည်း ကြီးပြီ ဆိုတော့ အားအင်ချိနဲ့တာရောပါတယ်။ နေရာ အရွှေ့အပြောင်းမှာ ဖြစ်သွားတာ ။ တခြားလူတွေကတော့ စစ်ကြောင်းနဲ့ ဝေးတဲ့နေရာ လုံခြုံတဲ့နေရာကို ရောက်နေပါပြီ” ဟု ၎င်းကပြောသည်။
သေဆုံးသွားသော အဘွားတစ်ဦးမှာ အသက်၉၂နှစ်ရှိပြီး နောက်တစ်ဦးမှာ အသက်၈၇နှစ်ရှိပြီဖြစ် ကြောင်း ဖလံချိုင်ရွာအနီးနေစစ်ရှောင် တစ်ဦးကပြောသည်။
“ မြို့သိမ်းတိုက်ပွဲ တွေဖြစ်နေတဲ့နေရာများတော့ ကျွန်တော်တို့ ဘက်ကိုပဲ မကြာခဏ စစ်ကြောင်းထိုးတာ ။စစ်ကြောင်းထိုးရင်လည်း ပစ္စည်းတွေ၊ စားစရာတွေ ၊ အိမ်တွေကို မီးရှို့ ၊တွေ့တဲ့သူတွေကို သတ်ပစ်၊ မသတ်ရင် ဖမ်းခေါ် ။အဲလိုတွေ လုပ်တော့ စစ်ကြောင်းဆိုတာနဲ့တတ်နိုင်သလောက် ဝေးဝေး သွားရတာ ။ဆောင်းတွင်းဆိုတော့ အေးတယ်။ သာမန် ယောက်ျား ကြီးတွေတောင် ဖျား ပါတယ်ဆို အသက်ကြီးတဲ့သူတွေဘယ်ခံနိုင်မလဲဗျာ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်သည် ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ် ဘက်သို့ စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံ ပြည်သူ ၄၀၀၀ ကျော် အရေးပေါ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။