ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့ကို တအောင်းတပ်မတော် TNLAက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၂၂ ရက်)၊ ည (၈)နာရီတွင် မန်တုံမြို့ရှိ စစ်ကောင်စီ ဗျူဟာတပ်စခန်း ခလရ (၁၃၀)ကို TNLA က သိမ်းပိုက်ပြီးနောက် မြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
အထက်ပါ တိုက်ပွဲအတွင်း စစ်ကောင်စီက မန်တုံမြို့အနီးတ၀ိုက်သို့ ဂျက်တိုက်လေယာဉ်ဖြင့် ၁၃ ကြိမ်၊ Y12 လေယာဉ် ဖြင့် (၄၈) ကြိမ်အသုံးပြုကာ၊ ဗုံး (၂၅၈) လုံးဖြင့် စံချိန်တင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
မန်တုံမြို့ခံ အမျိုးသားတစ်ဦးက “မနေ့ကတည်းက တအာင်းစစ်သားတွေက စစ်တပ်စခန်းကို သိမ်းလိုက်ပြီ၊ မန်တုံ တစ်မြို့လုံး သိမ်းလိုက်ပြီ။ ထွက်ပြေးနေတဲ့ စစ်သားတွေကိုလည်း TNLA က လိုက်ဖမ်း နေတယ်”ဟု ပြောသည်။
ထိုကဲ့သို့ မန်တုံမြို့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အလွန်အကျံအသုံးပြုခဲ့မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး၊ နေအိမ် ၂၀ နီးပါးပျက်စီးခဲ့သည်။
ထို့ပြင် မန်တုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် အများအပြားသေဆုံးခဲ့ပြီး၊ လက်နက်ခဲယမ်းများကိုလည်း TNLA က သိမ်းဆည်းရမိခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိရ သော် လည်း၊ TNLA ဖြင့် သတင်းအချက် အလက်များကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ယခုကဲ့သို့ မန်တုံမြို့ ပြန်လည်သိမ်းပိုက်မှုနှင့် ပတ်သက်ပြီး TNLA ဒုဥက္ကဌဖြစ်သူ ဗိုလ်ချုပ်တားဂျုတ်ဂျားဟာ က “ရူကောမြေအတွက် ကြွေကွဲခဲသမျှ၊ ဆွေမြေ့ခဲ့သမျှ အသစ်တဖန်ပြန်လည် မွေးဖွားလာပါပြီ”ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
မန်တုံမြို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်နိုင်ပြီးနောက် နမ္မတူမြို့ကို ဆက်လက်တိုက်ခိုက်နေကြောင်း၊ လက်ရှိတွင် TNLA အနေဖြင့် မန်တုံမြို့၊ နမ့်ဆန် နှင့် နမ့်ခမ်းမြို့များကို သိမ်းပိုက်ထားနိုင်ကြောင်းလည်း သိရသည်။