အယ်လ်ဖာအော်ပရေးရှင်း ကြေညာပြီး ၅ရက်အတွင်း ရန်ကုန်မြို့တွင် လူငယ်၃၀ကျော်ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် အယ်လ်ဖာအော်ပရေးရှင်းစတင်ပြီဖြစ်ကြောင်း ဒီဇင်ဘာ၁၇ရက်နေ့က ကြေညာပြီးနောက် ၅ ရက်အတွင်း လူငယ် ၃၃ ဦး ဖမ်းဆီး ခံထားရကြောင်း စမ်းချောင်းPDFမှ ရဲဘော် Black Ice ထံကပြောသည်။
“ အဖမ်းခံရတဲ့ ပုံစံ အသေးစိတ်ကိုတော့ ကျွန်တော်တို့မသိရပေမယ့် အများဆုံးကတော့ လမ်းမှာ အဖမ်းခံရတာ ။ နောက် ဧည့်စာရင်း စစ်တယ်ပြောပြီး ဖမ်းသွားတာ ။ ညဘက် အပြင်ထွက်လို့ ဖမ်းဆီးခံရတာ ။ စစ်ဆေးရင်းနဲ့ ဖမ်းသွားတဲ့ ဖြစ်စဉ်တွေပါ။အော်ပရေးရှင်းတွေ၊ မစ်ရှင်တွေ ပြီးတဲ့နောက်မှာ အနီးအနားက လူတွေကို ဖမ်းသွားတယ်။ အဖမ်းခံရတဲ့သူတွေက အော်ပရေးရှင်း၊ မစ်ရှင်တွေနဲ့ ဘာမှ မဆိုင်ဘူး။ သိတောင် မသိတဲ့လူငယ်တွေ ပါ” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၁၇ ရက်နေ့မှ ယနေ့( ဒီဇင်ဘာလ၂၁ရက်)အထိ စစ်ကောင်စီတပ်က အင်အားတိုးမြှင့်ထားကာ စစ်ဆေးမှုများပြုလုပ်နေပြီး သံသယရှိသော အမျိုးသား လူငယ်များအား လိုက်လံ ဖမ်းဆီးနေကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဌ ကိုပီတာက ပြောသည်။
“ ဖောက်ခွဲ မှုတွေ ပြီးတဲ့နောက်မှာ CDM တွေ၊ ပါတီ၀င်တွေကို လိုက်ရှာတယ်။ ပြီးတော့ နှစ်ကုန်ပိုင်းလည်း နီးလာပြီ။ တခြားပွဲတွေလည်း ရှိတော့ အရပ်၀တ်တွေနဲ့ လုံခြုံရေး အင်အား တိုးထားတယ်။ ဖောက်ခွဲ တာပဲ ဖြစ်ဖြစ်၊ ဆန္ဒပြတာပဲ ဖြစ်ဖြစ် စစ်တပ်က အရပ်သား လူငယ်တွေကိုပဲ ပိုပြီးတော့ လိုက် ဖမ်းဆီးေနတယ်” ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံရသော လူငယ် ၃၃ ဦးမှာ ကြည့်မြင်တိုင်၊ သာကေတ၊ သန်လျင်၊ တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ ၊ တောင်ဒဂုံ ၊ မရမ်းကုန်း ၊ မင်္ဂလာတောင်ညွှန့် နှင့် အင်းစိန်တို့မှ ဖြစ်ပြီး ဖမ်းဆီးခံရသော အမျိုးသားများအနက် ရာခိုင်နှုန်း၈၀သည် လူငယ်များဖြစ်ကြောင်း MPAက စုံစမ်းသိရသည်။
လွတ်မြောက်နယ်မြေအသီးသီးမှာ အထူးလေ့ကျင့်မှုပြီးမြောက်ကာ ရန်ကုန်တိုင်းအတွင်း ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်နေကြပြီဖြစ်သော အထူးတပ်ဖွဲ့ဝင်များနှင့် ရန်ကုန်မြေအောက်တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းထားသည့် အယ်လ်ဖာအော်ပရေးရှင်းသည် ပထမဆုံးစုပေါင်းစစ်ဆင်ရေးအနေဖြင့် စမ်းသပ်စစ်ဆင်ရေးဖြစ်သည်။