ကန့်ဘလူမြို့တောင်ဘက်ခြမ်းကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်း ထိုးနေသောကြောင့် ဒေသခံ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
ကန့်ဘလူမြို့ တောင်ဘက်ခြမ်းရှိ ရွာများကို ယနေ့(ဒီဇင်ဘာလ ၂၀ ရက်) နံနက်ပိုင်း တွင် စစ်ကြောင်း ၃ ကြောင်းထိုး ၀င်ရောက်နေသောကြောင့် ရွာ ၆ ရွာ ကျော်မှ ဒေသခံ များ ချက်ချင်းဆိုသလို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း Infinity Group မှတာ၀န်ရှိသူတစ်ဦးကပြောသည်။
“ ဒီနေ့မနက်ပိုင်းစောစောကနေ ညောင်ဇင်ကြီးရွာနားကနေ ထွက်သွားပြီးတော့ ကြားထဲမှာ ပြည်သူ ၅ ယောက် လောက်ကို ဖမ်းခေါ်သွားတယ်လို့လည်း ကြားတယ်ဗျ ။ မီးရှို့တာတွေ လက်နက်ကြီးနဲ့ပစ်တာတွေတော့ မရှိသေးဘူးဗျ။ ဒီအတိုင်း စစ်ကြောင်းပဲ ထိုးနေသေးတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ညောင်ဇင်ကြီးရွာမှထွက်လာသော စစ်ကြောင်းသည် ညောင်ပေါင်ရင်း ကျေးရွာထဲသို့ စစ်ကြောင်းတစ်ကြောင်းခွဲပြီး ၀င်ရောက်သွားကာ နောက်ထပ်တစ်ကြောင်းမှာ ငါတို့ရွာ၌ ရပ်နားနေကြောင်းသိရသည်။
ထို့အပြင်ကန့်ဘလူ မြို့နယ်၊ ဇီးကုန်း သကြားစက်အနီးမှထွက်လာသော နောက်ထပ် စစ်ကြောင်း တစ်ကြောင်းသည် ယမနေရွာဘက်သို့ ဦးတည်နေကြောင်းသိရသည်။
စစ်ကြောင်းတစ်ကြောင်းလျှင် စစ်သားနှင့် ပျူစောထီး ပူးပေါင်း အင်အား ၇၀ ခန့်ရှိပြီး ဒေသခံများမှာ တောတိုက်များထဲနှင့် နီးစပ်ရာ ရွာ များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
“ ကျနော်တို့ လောလောဆယ် အခက်အခဲတွေကတော့ မနက်ကနေ ထွက်ပြေးလာရတော့ မနက်စာတောင်မစားရသေးဘူးဗျ ။အခြေအနေကို စောင့်ကြည့်နေရတုန်းပါ” ဟု
ကန့်ဘလူတောင်ခြမ်းရှိ စစ်ရှောင်ပြည်သူ တစ်ဦးကပြောသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့က ညောင်ဇင်ကြီးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့သောရွာ၈ရွာက ပြည်သူ အချို့မှာ ရွာထဲသို့ပြန်၀င်နေကြပြီး ရွာထဲသို့ ပြန်မ၀င်သေးသူများလည်းရှိကြောင်းသိရသည်။