ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်ဗျူဟာကုန်းကို တအာင်းတပ်မတော် (TNLA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နမ့်ခမ်းမြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း TNLA သတင်း ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ယနေ့(ဒီဇင်ဘာ ၁၉ ရက်)၊ မနက် ၁နာရီ မိနစ် ၃၀ခန့်တွင် စခန်းသစ်ဗျူဟာကုန်းကို TNLA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် သည်။
“ ဒီနေ့မနက်မှာဘဲ နမ့်ခမ်းစခန်းသစ်ဗျူဟာကုန်းကို သိမ်းလိုက်ပြီ၊ နမ့်ခမ်းကို အလုံးစုံသိမ်းပိုက်နိုင်ပြီ” ဟု TNLA ပြန်ကြားရေး တာဝန်ခံအရာရှိက MPA သို့ ပြောသည်။
အဆိုပါ နမ့်ခမ်းစခန်းသစ်ဗျူဟာကုန်းကို တစ်လကျော် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး၊ ငါးပတ်အကြာ၌ နမ့်ခမ်းမြို့ တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု TNLA ပြန်ကြားရေး တာဝန်ခံအရာရှိက ဆိုသည်။
ငါးပတ်တာ ကာလအတွင်း နမ့်ခမ်းစခန်းသစ်ဗျူဟာကုန်း မကျစေရေးအတွက် စစ်ကောင်စီတပ်မှ လေကြောင်း အသုံးပြု၍ ဂျက်ဖိုက်တာဖြင့် အကြိမ် ၂၆၀၊ ပေါင်ငါးရာဗုံး ၂၅ ကြိမ်နှင့် လက်နက်ကြီးပစ်ကူ အကြိမ် ၅၀ဝ ခန့် တိုက်ခိုက်ခဲ့ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံအရာရှိက ပြောသည်။
နမ့်ခမ်းစခန်းသစ်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသည့် စစ်လက်နက်ခဲယမ်းနှင့် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများကို TNLA က အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပေ။
TNLA က နမ့်ခမ်းမြို့အား မသိမ်းပိုက်နိုင်မီ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၂၆၁၊ ၂၄၆၊ ၂၄၅ နှင့် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ်များ(ဒကစ) တပ်ထိုင်ထားသည့်မြို့တစ်ခုဖြစ်သည့်အပြင် စခန်းသစ်ဗျူဟာကုန်းသည် အမြှောက်တပ်နှင့် ရဟတ်ယာဉ်ကွင်းရှိသည့် အထိုင်စခန်းကြီးတစ်ခုဖြစ်သည်။
“ နမ့်ခမ်းမြို့ပေါ်ကို လေယာဉ်နဲ့ ဗုံးချလို့ ပျက်စီးတာတွေက ဘာမှရစရာမရှိတော့ဘူး။ ပြည်သူတွေရဲ့ နေအိမ်တွေကိုပဲ ပစ်တယ်။ လေယာဉ်သံကို နားစွင့်နေရတယ်။ နမ့်ခမ်းသိမ်းနိုင်ပြီဆိုတော့ အိမ်ပြန်ရတော့မယ် “ ဟု မူဆယ်မြို့ပေါ် သို့ ထွက်ပြေးခိုလှုံနေရသည့် နမ့်ခမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တအာင်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်ကို TNLA က သိမ်းပိုက်ရရှိခဲ့ပြီး၊ နမ့်ခမ်းမြို့ နယ်သည် ဒုတိယမြောက် သိမ်းပိုက်ထားနိုင်သည့် မြို့ဖြစ်သည်။