ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ်ဆန်မြို့ရှိ ရွှေဖီဦး လက်ဖက်ခြောက်စက်ရုံကို စစ်ကောင်စီက ယနေ့(ဒီဇင်ဘာ ၁၅ရက်)၊ မနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ရွှေဖီဦး လက်ဖက်ခြောက်စက်ရုံကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်း၌ TNLA က သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်။
“မနေ့ညထဲက လေယာဉ်နဲ့ကြဲတာ ရပ်ကွက်ထဲကျတယ်။ ဒီနေ့မနက်ထက်ကြဲတဲ့အခါမှာတော့ “ရွှေဖီဦး”စက်ရုံ ထိသွားတယ်။ စက်ရုံလည်း မီးလောင်သွားတယ်”ဟု နမ့်ဆန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၁၄ရက်)က နမ့်ဆန်မြို့သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ငွန်ဆိုင်းရပ် ကွက်ရှိ နေအိမ် ၃လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်မှ စတင်ကာ ယနေ့ ဒီဇင်ဘာ ၁၅ရက်အထိ နမ့်ဆန်မြို့တွင် တအောင်းတပ်တော် (TNLA)နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“နမ့်ဆန်မှာ ဒီနေ့ တစ်ရက်ထဲ ၄ ကြိမ်ဗုံးလာကြဲတယ်။ ရွှေဖီဦး စက်ရုံကို သိမ်းပိုက်နိုင်တဲ့အပေါ်မှာ အများကြီးသုံးသပ် စရာမရှိဘူး။ ဒီစက်ရုံက စစ်ကောင်စီရဲ့ ထောက်ပို့နေရာတစ်ခုဖြစ်တယ်။ စစ်တပ်နဲ့ ပတ်သက်တာမှန်သမျှ တိုက်နေတာ ဖြစ်တဲ့အတွက် သူတို့စက်ရုံကို သိမ်းပိုက်ခဲ့တာ၊ စစ်ဆင်ရေးစတင်ချိန်ကနေ ယနေ့အထိကို စစ်ကောင်စီ စခန်းပေါင်း ၆၀ အထိသိမ်းနိုင်ခဲ့တယ်။ နမ့်ဆန်မှာတင်မဟုတ်ဘူး။ စစ်ဆင်ရေးမှာပါတဲ့ မြို့အားလုံး ကျမတို့ တအာင်းလူထုအတွက် အရေးပါတယ် ”ဟု TNLA နှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
နမ့်ဆန်မြို့ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးကာ၊ ၁ ဦးဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ် ၁၀လုံးထက်မနည်းပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။