စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောစစ်တပ်မှ ဗိုလ်တစ်ဦးအပါအဝင် သုံးဦးပျောက်ဆုံးသဖြင့် စစ်ကောင်စီတပ် သည် ပန်းချီရွာသို့ စစ်ကြောင်းထိုးပြီး ရွာကို မီးရှို့ခဲ့ကာ၊ ပြည်သူနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။
ယနေ့(ဒီဇင်ဘာ ၁၂ရက်) ၊ မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သည် ပန်းချီရွာကို စီးနင်းခဲ့ပြီးနောက် အထက်ပါ လုပ်ရပ်များကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပန်းချီ ကျေးရွာသားတစ်ဦးက ပြောသည်။
“ ဒီနေ့မနက်အစောကြီး အုန်းတောစစ်တပ်က ထွက်လာတဲ့စစ်ကြောင်းက ကျတော်တို့ရွာကို ပစ်ခတ်စီးနင်း၀င်ရောက် လာတယ်။ ပြေးနိုင်တဲ့သူလွတ်ပြီး၊ မပြေးနိုင်တဲ့သူ တွေအဖမ်းခံရတယ်။ ဘယ်လောက်အဖမ်းခံရလည်းဆိုတာမသိဘူး။ မနက်၇နာရီ ကျော်ကစပြီးနေ့လယ်အထိ တစ်အိမ်ပြီးတစ်အိမ် မီးရှို့နေတာ။ ရွာသားနှစ်ဦးလည်းအသတ်ခံထားရတယ် လို့သိထားရတယ်။ ရွာထဲစစ်သား တွေရှိမရှိမသိလို့ ရွာကိုမပြန်ရဲ သေးဘူး” ဟု ပန်းချီ ကျေးရွာသားတစ်ဦးက ပြောသည်။
ထို့ပြင် အုန်းတော ၆၀၀၅ တပ်နှင့် ကပ်လျက်ရှိသည့် အုန်းတောရွာသို့ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ပြည်သူငါး ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုကဲ့သို့ စစ်ကြောင်းထိုးမှုများ ပြုလုပ်ခဲ့သောကြောင့် ပန်းချီရွာနှင့် အုန်းတောရွာမှ ဒေသခံ များ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
” မနေ့က အုန်းတောတပ်က ဗိုလ်တစ်ယောက်၊ စစ်သားနှစ်ယောက် ပျောက်သွားတယ်လို့သိရတယ်။ တပ်ကနေ ထွက် ပြေးတာလား၊ PDFတွေရဲ့ဖမ်းဆီးခံရတာလားဆိုတာ သေချာမသိဘူး။ ပန်းချီရွာကို စစ်ကြောင်းထိုးတယ် မီးရှို့တယ်။ အုန်းတောတပ်ထဲ ဖမ်းခေါ်သွားတဲ့ ကျတာ်တို့ ရွာသား ငါးဦးကိုတော့ ပြန်လွှတ်လိုက်တယ်။ သူတို့တပ်က ၃ဦးကို ပြန်ရှာ ပြီးပို့ခိုင်းတယ်။ ဒီနေ့မှ မပို့နိုင်ရင် ရွာကိုမီးရှို့မယ်လို့ ခြိမ်းခြောက်လိုက်တယ်” ဟု အုန်းတော ရွာခံတစ်ဦးက ပြောသည်။
အုန်းတောရွာသည် စစ်ကိုင်း-ရွှေဘို-မုံရွာ ကားလမ်းဆုံတွင် တည်ရှိပြီး အိမ်ခြေ ၁၀၀၀ ခန့်ရှိသော ရွာကြီးတစ်ခုဖြစ်ကာ၊ အုန်းတောရွာ အရှေ့ဘက်ရှိ ပန်းချီရွာအနီးတောတိုက်၌ ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲ့တစ်ခု စီးနင်းခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် ၈ ဦးကျဆုံးခဲ့သေးသည်။