ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်)ဒေသ၊ နမ့်ဆန်နှင့် လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၂ ခုနှင့် ရဲစခန်းတစ်ခုကို တအာင်းအမျိုးသားတပ်မတော် TNLA က နှစ်ရက်အတွင်း သိမ်းပိုက် ခဲ့ကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။
တအာင်းအမျိုးသားတပ်မတော် TNLA က နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာအနီးရှိ ကဒိုင်းဖူးစစ်ကောင်စီ တပ်စခန်းကို ဒီဇင်ဘာ ၁၀ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်၊ နံနက်အစောပိုင်းတွင် လည်း ပတ္တမြားစေတီ(ကောင်းမှုဆိုင်စခန်း)နှင့် နမ့်ဆန်မြို့မရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“အရှင်ဖမ်းမိတဲ့ အရေအတွက်ကတော့ အတိအကျ မပြောနိုင်သေးဘူး။ စားရင်းပြုစုနေတုန်း။ တိုက်ပွဲ အတွင်း ဖမ်းမိထားတာတော့ ရှိတယ်။ လက်နက်ခဲယမ်းလည်း အများအပြားသိမ်းနိုင်ခဲ့တယ်” ဟု တအာင်းအမျိုးသားတပ်မတော် TNLA သတင်းနှင့်ပြန်ကြားရေးဌာနရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းတို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ၆၀ မမနှင့် ၈၀ မမ လက်နက်ကြီးများအပါ အဝင် လက်နက်ငယ် ၁၉ လက်၊ ကျည်မျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း တအာင်းအမျိုးသားတပ်မတော် TNLA က သတင်းထုတ်ပြန်ထားသည်။
“ထိခိုက်မှုတော့ မသိရဘူး။ လိုင်းအကုန်ပိတ်ထားတယ်။ ဘာမှမသိရဘူး။ အမ်ပီတီရော၊ မိုင်တဲလ်ရော၊ တယ်လီနောရော လိုင်းတွေမရတော့ဘူး။ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ” ဟု နမ့်ဆန်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာအတွင်းက စစ်ကောင်စီ၏ ကင်းစခန်းကို ယနေ့နံနက် ၃ နာရီခွဲအ ချိန်တွင် TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။