ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ပေါင်ငါးရာဗုံးဖြင့် ဟိုးနားကျေးရွာကို တိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်တစ်ဦးအပါအဝင် ငါဦးသေဆုံးကာ၊ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဒီဇင်ဘာ ၆ရက်၊ ည ၁၂နာရီ မိနစ် ၃၀ခန့်( ဒီဇင်ဘာ ၇ရက် မနက်အစောပိုင်း)တွင် စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံး အသုံးပြုပြီး ဟိုးနားကျေးရွာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA)မှ ထုတ်ပြန်ထားသည်။
“ သေသွားတဲ့ငါးယောက်က တစ်မိသားစုတည်းပဲ၊ သူတို့အိမ်ပေါ် ကျတာ၊ ဒဏ်ရာရတဲ့ လေးယောက်မှာတော့ နှစ် ယောက်က ဒဏ်ရာပြင်းထန်တယ်” ဟု သေဆုံးခဲ့သူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများသည် လွေးအို အသက် (၅)နှစ်၊ မိုင်းယိုင်လေး အသက် (၃၅)နှစ်၊ တာဆွေ အသက် (၄၆)နှစ်၊ မာခမ်းလီး အသက် (၅၀)နှစ်နှင့် ယားဘာ အသက် (၅၆)နှစ်တို့ ဖြစ်ကြပြီး၊ ဒဏ်ရာရသူများတွင် ငါးနှစ်နှင့် ခြောက်နှစ်အရွယ် ကလေးငယ်နှစ်ဦးပါဝင်ကြောင်း သိရသည်။
“ အဲ့ဒီနေရာက တိုက်ပွဲဖြစ်ပွားတာလည်း မရှိသလို စစ်ရေးလှုပ်ရှားမှုတွေလည်း တစ်စုံတရာ မရှိပါဘူး” ဟု TNLA ပြန်ကြားရေးတာဝန်ခံအရာရှိက MPA သို့ ပြောသည်။
ထို့ပြင် နမ့်ခမ်းမြို့နယ်ရှိ၊ ပန်လော်ကျေးရွာကိုလည်း ဒီဇင်ဘာ ၇ ရက်၊ မနက်အစောပိုင်း၌ စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လူနေအိမ်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
“ အိမ် ၇ လုံး ပျက်စီးသွားတယ်။ လူအသေအပျောက်ကတော့ မရှိဘူး။ ပြည်သူတွေရှိတဲ့နေရာကိုပဲ သူတို့က တိုက်ခိုက်တယ်” ဟု ပန်လော်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများကို ဦးတည်ပြီး လက်နက်ကြီးနှင့် လေကြောင်း အသုံးပြု တိုက်ခိုက်မှုကြောင့် ကလေးငယ် (၁၄)ဦးအပါအဝင် ဒေသခံ (၆၀)ကျော် သေဆုံးခဲ့ပြီး (၁၃၇)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) ၏ စာရင်းအရ သိရသည်။