ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မိုင်းယော်တိုက်နယ်အတွင်းရှိ လုံတွေကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးကာ၊ နေအိမ် ၉ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (ဒီဇင်ဘာ ၂ ရက်)၊ ည ကိုးနာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံး လေးလုံးအသုံးပြုပြီး လုံတွေ ကျေးရွာသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLA က ယနေ့ထုတ်ပြန်ထားသည်။
“ အမျိုးသမီးနှစ်ဦးကတော့ ပွဲချင်းပြီးပဲ ဆုံးတာ၊ အိမ်တွေကလည်း ဗုံးစမှန်ပြီး တစ်ခုမှ ရစရာမရှိဘူး” ဟု လုံတွေကျေးရွာနှင့် နီးစပ်သည့် မိုင်းကောင်းတိုက်နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်တွင် စစ်ကောင်စီတပ်များသည် ၎င်းတို့ အထိနာခဲ့သည့်အတွက် အရပ်သားများ အပေါ် ပစ်မှတ်ထားပြီး ပေါင် ၅၀၀ ဗုံးအပြင်၊ Cluster Bomb အမျိုးအစားများကိုပင် အသုံးပြုလာကာ စစ်ရာဇဝတ်မှု များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည် ဟု PSLF/TNLA ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ မနေ့က ည ကိုးနာရီအချိန်မှာ ပေါင်ငါးရာဗုံးပေါ့။ တိုက်ပွဲဖြစ်ပွားမှုလည်း မရှိဘူး။ အဲ့ဒီ့အနီးတဝိုက်မှာ ကျတော်တို့ သွားလာလှုပ်ရှားနေထိုင်တဲ့ပုံစံမျိုးလည်း မရှိဘူး။ အဲ့ဒါ့ကိုမှ သူတို့က လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာ” ဟု TNLA ပြန်ကြားရေးတာဝန်ခံအရာရှိမှ MPA သို့ ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်များသည် လားရှိုးမြို့ ဘေးပတ်ပတ်လည်ရှိ ကျေးရွာများတွင် ညီနောင်မဟာမိတ် ၃ဖွဲ့ ရှိသည် အထင်ဖြင့် မကြာခဏ လေယာဉ်အသုံးပြုကာ ဗုံးကြဲမှုများပြုလုပ်နေပြီး၊ မြို့အဝင်အထွက်များကိုလည်း စစ်ဆေးမှု တင်းကျပ်ထားကြောင်း လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ လားရှိုးမြို့ဘေးပတ်လည်မှာ စစ်တပ်က နေရင်းထိုင်ရင်းနဲ့လည်း လေယာဥ်နဲ့လာကြဲတယ်။ လမ်းတွေပိတ်တယ်။ တိုးဂိတ်တွေမှာဆိုရင်လည်း မထင်ရင် မထင်သလို သေနတ်ဖောက်တာတွေ လုပ်တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်တပ်သည် အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ် ခွဲခြားမှုမရှိဘဲ လေကြောင်း အသုံးပြုကာ ဗုံးကြဲမှုများကို မြန်မာနိုင်ငံအနှံ့တွင် ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။