ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အနီး၊ ကုန်းကြမ်းမြို့မှ ထွက်ပြေးသွားသည့် စကခ (စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ်)၁၆မှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို MNDAA က လိုက်လံရှာဖွေနေကြောင်း ပြောရေးဆိုခွင့် ရှိသူ လီကျာဝင်းက MPA သို့ပြောသည်။
ကုန်းကြမ်းတွင် တပ်စွဲထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၁၂၅) ၊ စကခ(၁၂ ၊ ၁၆)မှ အဖွဲ့ဝင်အချို့သည် နိုဝင်ဘာ ၂၈ ရက်နေ့၌ လက်နက်ချအလင်းဝင်လာပြီး၊ စကခ (စစ်ဆင်ရေးကွပ်ကဲမှု့ဌာနချုပ်) ၁၆ မှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ ထွက်ပြေးသွားကြကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းရာ ၁၀၀ ခန့် ရှင်းလင်းနိုင်ခဲ့ကြောင်း လီကျာဝင်းကဆိုသည်။
“ ကုန်းကြမ်းကနေထွက်ပြေးသွားတဲ့ စကခ ၁၆ ရဲ့ တပ်မှူးကိုတော့ အခုထိမတွေ့ရသေးဘူး။ ကျတော်တို့ လိုက်လံရှာ ဖွေနေဆဲပဲ ရှိပါသေးတယ်။ ထွက်ပြေးသွားတဲ့ အရေအတွက် ခန့်မှန်းလို့မရဘူးဗျ၊ စစ်ကောင်စီတွေက စခန်းကိုစွန့် ပယ်ပြီး ထွက်ပြေးသွားတာ များတယ်” ဟု လီကျားဝင်းက MPA သို့ ပြောသည်။
ထို့သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားသည် ခန့်မှန်းခြေ ၂၈၀ ခန့်ရှိပြီး နိုဝင်ဘာလ ၂၉ ရက်တွင် ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု ၊ ဝကြည်ကျိုင့်ရွာ နှင့် စူကြာ ကျိုင့်ရွာကြားရှိတောင်ကုန်းအောက်ခြေသို့ စုစည်းပုန်းအောင်း နေသည်ကို MNDAA က သိရှိခဲ့သဖြင့် နိုဝင်ဘာ ၃၀ ရက်၊ မနက် ၁၁ ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ၁ ရက်၊ မနက်ပိုင်း၌ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ်အတွင်း စစ်ကောင်စီ အလောင်း ၂၀ခန့်တွေ့ရှိခဲ့ပြီး၊ ညနေပိုင်း၌ လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇၀ကျော်သေဆုံးပြီး၊ ၄ဦးအား သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းရာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိပြီး၊ ရုပ်အလောင်းများနှင့်အတူ သိမ်းဆည်းရရှိသောပစ္စည်းများထဲတွင် စိတ်ကြွဆေးပြားများလည်း ပါရှိနေကြောင်း သိရသည်။
“ လက်နက်အရေအတွက်ကတော့ မရေတွက်နိုင်တော့ဘူးဗျ၊ စာရင်းလည်း မပြုစုနိုင်တော့ဘူး။ ရှေ့တန်းကလည်း သိမ်းပြီးတာနဲ့ အကုန်လုံးကို အနောက်ပို့လိုက်ပြီဗျ။ အများကြီးတော့ အများကြီးပဲ။ စခန်းတိုင်းကလည်း လက်နက် ခဲယမ်းတွေရတယ်” ဟု လီကျားဝင်းက ပြောသည်။
“ ထွက်ပြေးလို့ မလွတ်ဘူး။ အလင်းဝင်တာက သူတို့အတွက် ကောင်းကျိုးခံစားရဦးမယ်။ ပြည်သူ့စစ်တွေလည်း ပြေးတဲ့သူက ပြေးကုန်ပြီ။ လောက်ကိုင် ဒကစ တပ်ထဲကလူတွေတော့ သွေးပျက်နေလောက်ပြီ” ဟု ကုန်းကြမ်းမြို့ခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချပါက ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ထုတ်ပြန်ကြေညာချက်အတိုင်း ကောင်းမွန် စွာဆက်ဆံပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ဒဏ်ရာရလူနာများကိုလည်း ဆေးကုသမှုများ လုပ်ဆောင်ပေးမည်ဖြစ်ပြီး လက်နက်ကိုင်တုန့်ပြန်နေသူများကို ပြင်းပြင်းထန်ထန်အမြစ်ပြတ်ချေမှုန်းသွားမည်ဟု MNDAA ကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်တွင် လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ လောက်ကိုင်) လက်အောက်ခံ ခလရ ၁၂၅ မှ ၊ တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များ၊ ကော်မျိုးနွယ်ပြည်သူ့စစ်များအပါအဝင် စုစုပေါင်း ၂၇၂ ဦး MNDAA ထံသို့ အလင်းဝင်ရောက်ခဲ့သည်။