ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့အတွင်းသို့ စက်သုံးဆီဝင်ရောက်မှုနည်းပါးလာခြင်းကြောင့် စက်သုံးဆီအ ရောင်းဆိုင်များတွင် ဆီလက်ကျန်နည်းပါးလာသဖြင့် ဝယ်ယူသူများကို အကန့်အသတ်ဖြင့်သာရောင်းချ ပေးနေကြောင်း ဖယ်ခုံမြို့နေပြည်သူများထံကသိရသည်။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှတစ်ဆင့် ဖယ်ခုံမြို့အတွင်းသို့ စက်သုံးဆီများတင်သွင်းနေရပြီး ဖယ်ခုံမြို့သို့ ရက်သတ္တပတ် ၁ ပတ်လျှင် စက်သုံးဆီဘောက်ဆာကားတစ်စီးသာဝင်ရောက်ကြောင်း ဖယ်ခုံမြို့ရှိ စက် သုံးဆီအရောင်းဆိုင် ဝန်ထမ်းတစ်ဦးကဆိုသည်။
“ဆီကားတွေက တောင်ငူကနေပဲလာတယ်။ ဒါပေမယ့် အဲ့ဒီဘက်မှာလည်း ဆီပြတ်တယ်လို့ကြားတယ်။ ဒီဘက်မှာတော့ ဆီရောက်တာနဲ့ နေ့ချင်းပဲကုန်တယ်။ မှာထားတဲ့သူကများတော့ တစ်ရက်ထဲနဲ့ကုန်တာ။ ဒါတောင်အကန့်အသတ်နဲ့ပဲရောင်းပေးတာ”ဟု ၎င်းကဆိုသည်။
ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ်ဒေသများအပြင် ကရင်နီပြည်တွင်အတွင်း၌လည်း စက်သုံးဆီ ဈေးများအလွန်နည်းပါးလာခြင်းကြောင့် ဒေသခံပြည်သူလူထုအပြင် လူမှုကယ်ဆယ်ရေးလုပ်ငန်း လုပ် ကိုင်နေသူများပါ အခက်အခဲဖြစ်နေကြောင်း သိရသည်။
“အခု ဆီတွေကတယ်မရဘူး။ ဝယ်လို့ရရင်လည်း ဈေးအရမ်းတက်နေတော့ ကျွန်တော်တို့လိုပရဟိတ မောင်းတဲ့သူတွေဆို ရက်တိုင်းမထွက်နိုင်ဘူး”ဟု လူမှုကူညီရေးအသင်းတစ်ခု၏ ယာဉ်မောင်းကဆိုသည်။
ကရင်နီပြည်နယ်အတွင်းရှိ စက်သုံးဆီရောင်းချသူများမှာ ရှမ်းပြည်နယ်အတွင်းက စက်သုံးဆီရရှိသော နေရာများသို့သွားရောက်ဝယ်ယူနေရသဖြင့် ကရင်နီပြည်နယ်အတွင်းရှိ စက်သုံးဆဈေးမှာ ရှမ်းပြည်နယ် စက်သုံးဆီဈေးထက် ၂ ဆခန့်ကွာဟကြောင်း သိရသည်။