ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ခရိုင်၊ လောက်ကိုင်မြို့အနီးရှိ ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်မှ ခလရ ၁၂၅ တပ်ရင်းတစ်ရင်းလုံး နှင့် ကော်မျိုးနွယ်ပြည်သူ့စစ်များသည် MNDAA ထံ အလင်းဝင်လာကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက MPA သို့ ပြောသည်။
ယမန်နေ့ (နိုဝင်ဘာ ၂၈ ရက်)၌ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ လောက် ကိုင်) လက်အောက်ခံ၊ ခလရ ၁၂၅ မှ တပ်ရင်းလိုက် အလင်းဝင်ရောက်ကာ၊ တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များ၊ ကော်မျိုးနွယ်ပြည်သူ့စစ်များအပါအဝင် စုစုပေါင်း ၂၇၂ ဦး MNDAA ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
“ ၂၈ ရက်နေ့က အလင်းဝင်လာတာပါဗျ။ လူဦးရေကတော့ မိသားစုဝင်တွေနဲ့ ပေါင်းလိုက်ရင် ၂၇၂ ဦး ရှိပါတယ်။” ဟု လီကျားဝင်းက ပြောသည်။
အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများထံတွင် လက်နက်ခဲယမ်းများပါရှိလာပြီး အသေးစိတ် အတည် ပြုနိုင်ရန် လုပ်ဆောင်နေကြောင်း လီကျားဝင်းကဆိုသည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်အတိုင်း ကူညီမှုများ စီစဥ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့၌ ကိုးကန့်ခရိုင်၊ ရှင်းဝမ်ရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ ၆ယောက်သေဆုံးခဲ့ပြီး၊ ရှီးရှမ်းဒေသ တာရွှေထန်အုပ်စုမှ ထွက်ပြေးလာသည့် တပ်ရင်း ၆၉ ၏ တပ်ရင်းမှူးတစ်ဦးကို ဖမ်းမိခဲ့သည် ဟု MNDAA က သတင်းထုတ်ပြန်ထားသည်။
“ ကုန်းကြမ်းပေါ့နော်၊ ကျတော်တို့ အနေနဲ့ပြောရရင် ရှင်းဝမ်ဒေသပေါ့၊ ရှင်းဝမ်ဒေသတစ်ခုလုံးကို ပြန်လည်ထိန်းချုပ် နိုင်ပါပြီ။” ဟု လီကျားဝင်းက ပြောသည်။
“ ကုန်းကြမ်းစခန်းကို သိမ်းနိုင်ပြီ လို့ ကြားရတယ်။ ဒါပေမယ့် ကုန်းကြမ်းမှာ ပိတ်မိနေတဲ့သူတွေရှိသေးတယ်။ အခုထိ ဇာတိအိမ်ကို ပြန်လို့ မရသေးဘူး။” ဟု ကုန်းကြမ်းမြို့၌ ပိတ်မိနေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက် ၌လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင် ၁၂၆ ဦး နှင့် မိသားစုဝင် ၁၃၄ ဦး အပါအဝင် စုစုပေါင်း ၂၆၂ ဦး MNDAA ထံသို့ အလင်းဝင်ရောက်ခဲ့သေးသည်။