မန္တလေး တိုင်း၊မတ္တရာမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးကြောင်း MDY PDF ကသတင်းထုတ်ပြန်သည်။ မတ္တရာမြို့နယ်၊ကျွန်းပင်ရွာနှင့်သဖန်းကိုင်းရွာအနီးရှိစစ်ကောင်စီတပ်စခန်းကုန်းကို နိုဝင်ဘာ ၂၇ ရက်၊နံနက် ၈ နာရီခန့်တွင် MDY PDF နှင့်TNLA ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီခွဲခန့်၌ စခန်းသိမ်းနိုင်ခဲ့ကာ စစ်သား ၄ ဦးအား အရှင်ဖမ်းဆီးရမိခဲ့သည်။
“ စစ်သုံ့ပန်းတွေကို သုံ့ပန်း ဥပဒေနဲ့အညီပဲ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။စခန်းကုန်းကိုဝင်တိုက်တဲ့အချိန် ထွက်ပြေးသူတွေလည်း ရှိခဲ့ပါတယ်။ အများစုကိုတော့ ချေမှုန်းနိုင်ခဲ့တယ်” ဟု MDY PDF တာဝန်ရှိသူ ရဲဘော်အော်စမွန်က ပြောသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် လက်နက်မျိုးစုံ ၁၃ လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
“ စခန်းကုန်းကသူတို့ယာယီချတဲ့စခန်းကုန်းပါ။သဖန်းကိုင်းနဲ့ကျွန်းပင်ကပြည်သူတွေလည်းအခုထိရှောင်တိမ်းနေရဆဲဗျ” ဟု မတ္တရာမြို့နယ်ပကဖ၊ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ဘိုတောက်ကပြောသည်။
ယင်းစခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးမျှ ထိခိုက်မှုမရှိကြောင်း သိရပြီး စစ်သားများ သေဆုံးမှုကိုမူ MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
နိုဝင်ဘာ ၁၆ ရက်က မတ္တရာမြို့နယ်၊ပတ်လည်အင်းကျေးရွာရှိ စစ်သားများ တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကူလာသောတပ်သည် အောင်ကန်သာရွာ လက်ဖက်ရည်ဆိုင်၌ ထိုင်နေသည့် ပြည်သူ ၁၁ဦးအား အကြောင်းမဲ့ ပစ်သတ်ခဲ့သည်။