ကယား(ကရင်နီ)ပြည်နယ်ရှိ မယ်စဲ့မြို့တွင် ၁၁၀၇စစ်ဆင်ရေးစတင်လိုက်ပြီး စစ်ကောင်စီတပ် စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၇၀ ထက်မနည်း သေဆုံးကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာ၇ရက်) နံနက်အစောပိုင်းက မယ်စဲ့မြို့တွင် ၁၁၀၇စစ်ဆင်ရေး စတင်လိုက်ပြီး ပန်တိန်း (ယခင် BGF စခန်း) အပါအဝင် စစ်တပ်စခန်းကုန်း ၃ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ မယ်စဲ့မှာ တိုက်ပွဲဖြစ်နေတာက ၅ရက်လောက်ရှိပြီ။အခုမြောက်ပိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေဖြစ်နေတာကြောင့် စစ်တပ်က လေကြောင်းအကူမလာတော့ဘူး။အဲ့ဒါကြောင့် ဒီနေ့ ကရင်နီက တော်လှန်ရေးတပ်ဖွဲ့တွေစုပြီး ၁၁၀၇ စစ်ဆင်ရေးစတာပေါ့” ဟု ၎င်းက ပြောသည်။
ယနေ့တိုက်ပွဲအတွင်း ကရင်နီ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုဘက်က ရဲဘော် ၄ဦးကျဆုံးခဲ့ကြောင်း KNDFတပ်ဖွဲ့(ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ တိုက်ပွဲက ညနေမှာ စခန်း ၃ခုသိမ်းပြီးတော့ ငြိမ်နေပါတယ်။ဒီနေ့ ၁၁၀၇ စစ်ဆင်ရေးနေ့မှာ ရဲဘော် ၄ဦးကျတယ်။ဘယ်ရင်း(တပ်ရင်း)ကလဲ ဆိုတာတော့ မသိရသေးဘူး။လက်နက်ခဲယမ်းတွေလည်း အများကြီးရခဲ့ပါတယ်။စစ်သားက ၇၀ထက်မနည်းသေတယ်” ဟု ၎င်းက ပြောသည်။
မယ်စဲ့မြို့နယ် ၊သံလွင်အရှေ့ဘက်ကမ်းအနီး နယ်စပ်ပွိုင့် – ၃၇၁၂ ရှိ မယ်လယု တွင် တိုက်ပွဲပြင်းထန်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူမလာကြောင်း တိုက်ပွဲဝင်နေသည့် ကလလတ(ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ မယ်စဲ့ကို ကျွန်တော်တို့က ရိက္ခာဖြတ်ထားတာကြာပြီ။အရင်နေ့တွေကလည်း တိုက်ပွဲဖြစ်နေတာပေါ့။ဒီနေ့ကတော့ စစ်တပ်က သူ့စခန်းတွေကို လူအင်အား လာဖြည့်တာတို့ လာခေါ်တာတို့ မလုပ်တော့တာ ၅ ရက်လောက်ရှိပြီမို့ စခန်းသိမ်းတိုက်ပွဲစတာပါ။ညနေ ၄နာရီ ၃၀မိနစ်လောက်မှာ စစ်သားတွေအကုန်ပြန်ဆုတ်သွားတယ်။မယ်စဲ့မှာ တိုက်ပွဲကတော့ အခုထိ (ည၈နာရီ)အထိ ငြိမ်နေတုန်းပါပဲ” ဟု ၎င်းက ပြောသည်။
ယန့ ည ၈နာရီ ၁၅မိနစ်အထိ စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ပစ်ခတ်ခြင်းမရှိသေး ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။