ကချင်ပြည်နယ်၊လိုင်ဇာမြို့၊ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် သဖြင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ သေကြဒဏ်ရာရရှိခဲ့မှုအပေါ် ကုလသမဂ္ဂ ညီလာခံ၌ မိန့်ခွန်းပြောကြားစဉ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခဲ့သည်။
အောက်တိုဘာ ၉ ရက်နေ့၊(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် လိုင်ဇာစစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုကို ထည့်သွင်းပြောကြားကာ မြန်မာပြည်သူများကို စစ်တပ်၏ လူမဆန်သည့် ရက်စက်ယုတ်မာ သတ်ဖြတ်မှုများ ရပ်တန့်ရန်အတွက် စစ်တပ်အပေါ် အပြည့်အဝလက်နက် ပိတ်ပင်ခြင်းနှင့် တိုက်လေယာဉ်ဆီများ တင်သွင်းမှုရပ်ဆိုင်းခြင်း ဆောင်ရွက်ပေးရန် အဆောတလျင် လိုအပ်ကြောင်းကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေး ကောင်စီအား တိုက်တွန်းခဲ့သည်။
အောက်တိုဘာ ၉ရက်၊ ည ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က KIA/KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် စစ်ဘေးရှောင်စခန်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်စခန်းမှကလေးငယ် ၁၃ဦး အပါအဝင် အရပ်သားပြည်သူ၃၂ဦးထက် မနည်းသေဆုံး ခဲ့ ကြောင်း စုံစမ်းသိရသည်။
ထို့အပြင် စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ဘုန်းကြီးကျောင်းတစ်ကျောင်း၌ စာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးခန့် ဒဏ်ရာရခဲ့ခြင်းနှင့် ဧပြီ ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၆၀ကျော် သေဆုံးခဲ့ခြင်းတို့ကိုလည်း သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
“မြန်မာပြည်သူတွေကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်နေမှုကို ချက်ချင်းဆိုသလို ကုလသမဂ္ဂ စင်မြင့်ထက်ကနေ တစ်ကမ္ဘာလုံးကို အသိပေးနိုင်ခြင်းဟာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ပြည်သူ့သံအမတ်ကြီးရှိနေခြင်းကြောင့်ဖြစ်တယ်”ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောသည်။
မြန်မာပြည်သူများ၏ ထိခိုက်ခံစားနာကျင်မှုများကို ဖော်ပြရန်စကားလုံးများ မရှိကြောင်းနှင့် ပြောရက်စရာမရှိအောင် ဆိုးရွားသော အဖြစ်အပျက်များ ဖြစ်ကြောင်းလည်း သံအမတ်ကြီး က ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာစစ်တပ်သို့ စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးပို့နေသည့် နိုင်ငံများ၏ အကူအညီဖြင့် မြန်မာစစ်တပ်သည် မြန်မာပြည်သူများအပေါ် သတ်ဖြတ်မှု များ ကျူးလွန်လျက်ရှိကြောင်း၊ မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော် လည်း စစ်တပ်သည် စစ်လေယာဉ်၊ စစ်လက်နက်ပစ္စည်းများ၊ ဆက်စပ်နည်းပညာများကို လက်ခံရရှိနေဆဲဖြစ်ကြောင်းသံအမတ်ကြီးက ပြောသည်။
တရားမဝင်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်တပ်သည် တစ်ဘီလီယံ ဒေါ်လာကျော် တန်ဖိုးရှိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ဝယ်ယူခဲ့ကြောင်း၊ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ပြည်သူ ၄,ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ လူပေါင်း၂သန်း ဝန်းကျင်မှာ နေရပ်စွန့်ခွာခဲ့ရပြီး နေအိမ် စုစုပေါင်း ၇၅,ဝဝဝ ကျော် ဖျက်ဆီး မီးရှို့ခံခဲ့ရကြောင်းလည်း ဆိုသည်။
“စစ်တပ်က စစ်ကြောင်းထိုးမီးရှို့နေတာဟာ ကျနော်တို့စစ်ကိုင်းတိုင်းထဲမှာ မြို့ပေါ်တွေကလွဲလို့ ရွာတော်တော်များများ ခံနေရတာ တော်တော်တောင်ကုန်နေပါပြီ။ပြည်သူတွေ ထိခိုက်ခံစားနေရ တာတွေကို ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ မနာတမ်းပြောကြားနေတာက ခင်ဗျားတို့ ဘာမှမ လုပ်ပေးဘဲ ထိုင်ကြည့်နေတာ မရှက်ဘူးလားလို့ ပြောနေသလိုပါပဲ။ဘာပဲဖြစ်ဖြစ် ပြောစရာရှိတာ ပြောနေရမှာပဲ”ဟု မုံရွာမြို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
Armed Conflict Location and Event Data Project (ACLED) ၏ အချက်အလက်များအရ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော လေကြောင်းတိုက်ခိုက်မှုများမှာ တစ်လလျှင် ပျမ်းမျှအားဖြင့် တိုက်ခိုက်မှု ၃ဝ ခန့် ရှိကြောင်းလည်း သံအမတ်ကြီးက ပြောသည်။
ထို့အပြင် မြန်မာစစ်တပ်၏ အသေးစား နျူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မျက်ခြေ မပြတ် စောင့်ကြည့်ပေးရန်လည်း သံအမတ်ကြီးက တိုက်တွန်းခဲ့သေးသည်။