ပဲခူးတိုင်း၊မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက PDF သိမ်းပိုက်လိုက်သော ခါချဉ်တောင်စခန်းကို စစ်ကောင် စီတပ်က ပြန်လည်ရယူရန် ၃ကြိမ်ကြိုးစားခဲ့ရာ စစ်သား၈ဦးသေဆုံးပြီး ပြန်လည်ဆုတ်ပြေးခဲ့ရကြောင်း သိရသည်။
၃ကြိမ်မြောက်အဖြစ် စက်တင်ဘာ၁၆ရက်၊နံနက်၁၁နာရီခန့်က ခါချဉ်တောင်စခန်းကို သိမ်းရန် စစ်သား အင်အား၆၀ခန့်တင်ဆောင်ကာ ဖောကား၂စီးဖြင့် လာစဉ် PDFတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ကသတင်းထုတ်ပြန်သည်။
ဥတစ်လုံးတောင်ပေါ်မှနေ၍ သာယာဝတီခရိုင်PDF တပ်ရင်း-၃၈၀၂၊တပ်ခွဲ၅ ၏ကင်းထောက်အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီးနောက် ခါချဉ်တောင်ပေါ်တက်လာသော ဖောကားအပြာကို သာယာဝတီခရိုင်PDF တပ်ရင်း-၃၈၀၂၊တပ်ခွဲ၂၊၃၊၅ တို့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ကားမောင်းသမား အပါအဝင် စစ်သား၅ဦးသေဆုံးကြောင်း သိရသည်။
“ဒီကောင်တွေအတွက် ဒီစခန်းက ဝင်ငွေကောင်းကောင်းရှာပေးနေတော့ ပြန်လိုချင်နေတာဗျ။ကျွန်နော်တို့အဖွဲ့တွေဝိုင်းပစ်တော့ ကားေမာင်းသမားအပါအဝင်၅ဦးသေပြီးကားက ရပ်သွားတယ်၊ လက်နက်တွေယူဖိုကြိုးစားသေးတယ်၊ နောက်ကားက ကောင်တွေက လက်နပ်ကြီးနဲ့ထုလို့ ပြန်ဆုတ်ခွာခဲ့ရတာလို့“သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ဆက်လက်ပြီး စစ်ကောင်စီတပ်က စစ်ကူများလည်း ရောက်ရှိလာ ကာ ၁နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးဦဒဏ်ရာရစစ်သားများနှင့် ပျက်စီးသွားသောဖောကားကို နာကူကားတစ်စီး၊လိုက်ထရက် ကားတစ်စီးနှင့်ဖောကားတစ်စီးတို့ဖြင့် စက်တင်ဘာ၁၆ရက်ညနေပိုင်း၌ ပြန်လည်သယ်ဆောင် သွား ကာ ခါချဉ်တောင်စခန်းကို PDFတပ်က သိမ်းပိုက်ထားနိုင်ဆဲဖြစ်ကြောင်း ၎င်းကပြောသည်။
“ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာ ရတဲ့သူမရှိပါဘူး။ လက်နပ်ကြီး တစ်လုံးတော့ တပ်ဖွဲ့တွေနားကျလာတာ မပေါက်ကွဲသွားဘူး”ဟု၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ပွဲတွင် မျက်မြင်သေဆုံးသူ ၅ဦး၊ဆေးရုံပေါ်၌သေဆုံးသူ၃ဦးနှင့် ၅ဦးထက်မနည်းဒဏ်ရာရရှိ ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁၄ရက်နှင့်၁၅ရက်နေ့ကလည်းခါချဉ်တောင်စခန်းဆီသို့ ထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်ကို PDF တို့ကစောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာ သွားကြောင်း သိရသည်။
စစ်ကောင်စီတပ်အခြေစိုက် ခါချဉ်တောင်စခန်းကို စက်တင်ဘာလ ၉ရက်နေ့က သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊တပ်ခွဲ ၅က တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်။
ခါချဉ်တောင်စခန်းသည် စစ်ရေးအရ အရေးပါသောနေရာဖြစ်သဖြင့် စစ်တပ်က ပြန်လည်သိမ်းယူရန် ကြိုးစားနေခြင်းဖြစ်သည်။
စစ်သားများသေဆုံးဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။