မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်သားများ မြို့ပတ် စစ်ဆေးနေသဖြင့် ဈေးဆိုင်များပိတ်ကာ အသွားအလာ မရှိသလောက်ဖြစ်သွားကြောင်း သိရသည်။
စက်တင်ဘာ၁၅ရက်၊ည၈နာရီခွဲခန့်တွင် ကျပ်ပြင်ရဲစခန်းကို ဒေသတွင်းPDFများက လက်နက်ကြီး၊လက် နက်ငယ်တို့ဖြင့် လာရောက်တိုက်ခိုက်ပြီးနောက်ယနေ့(စက်တင်ဘာ၁၆ရက်)နံနက်ပိုင်းမှစ၍ စစ်သား များ မိုးကုတ်မြို့ပေါ်၌ လှည့်လည်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်မြို့ခံအချို့ထံကသိရသည်။
“ စျေးဆိုင်တွေပိတ်ကုန်တယ်။ တစ်မြို့လုံးသွားလာသူမရှိကြဘူး။နေ့ခင်းထပ်ဖြစ်ရင် အကုန်ထိကြမှာစိုးလို့စျေးတွေပါပိတ်ကြတယ်” ဟု ကျပ်ပြင်စျေးအနီးနေထိုင်သူတစ်ဦးကပြောသည်။
စက်တင်ဘာ၁၅ရက်ညက နာရီဝက်ခန့်ကြာကျပ်ပြင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းအတွင်း မီးလောင်သည်ကို မြင်တွေ့ရသော်လည် ထိခိုက်မှုအခြေအနေကိုမသိကြောင်း ကျပ်ပြင်ရပ်ကွက်သားတစ်ဦးကပြောသည်။
“ လက်နက်ကြီးတွေနဲ့အရင်အပစ်ခံရတာ၊ပြီးမှ လက်နက်ငယ်တွေနဲ့အပစ်ခံရတာ။ စခန်းထဲမှာမီးလောင်တယ်လေ။မနက်ထိမီးခိုးတွေမြင်ရသေးတယ်၊ရဲတွေပဲ ရှိကြတာ၊ရဲတွေကအနောက်ကဆေးရုံထဲဝင်နေကြတာ” ဟု ၎င်းကပြောသည်။
ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းထဲမှလက်နက်ကြီးဖြင့် ပြန်လည်ရမ်းပစ်ခဲ့ရာ ပြည်သူ့နေအိမ်အချို့ထိမှန်ခဲ့ကြောင်းဒေသခံတစ်ဦးကပြောသော်လည်း MPAအနေနှင့် သီးခြား အတည်မပြုနိုင်ပေ။
“ ရဲစခန်းနဲ့နည်းနည်းဝေးတဲ့ ရပ်ကွက် နှစ်ခုလောက်ကထိတယ်။အိမ်တွေထိကြတာ၊တော်သေးတယ်၊လူမထိကြလို့။ PDF တွေက ဖြင့် ပြန်ကြပြီ၊သူတို့ကထပ်ပြီးရမ်းပစ်တာလေ။ PDF ပစ်တာက စခန်းထဲပဲ ပစ်တာ။သူတို့က ရမ်းပစ်တော့ ပြည်သူအိမ်တွေထိတာ” ဟု ဒေသခံတစ်ဦးကပြောသည်။
မိုးကုတ်မြို့အရှေ့ပိုင်းနှင့်အနောက်ပိုင်းတို့တွင် စက်တင်ဘာ ၁၅ရက်နေ့က မိုးလုံးမှိုင်း စစ်ဆင်ရေးအဖြစ် မိုးကုတ်အခြေပြုPDFတပ်ရင်းများဖြစ်သည့် ၁၂၂၁၊၁၂၂၃ နှင့် TNLA ပူးပေါင်းတပ်တို့ စစ်ဆင်ရေးဖော်ဆောင်ခဲ့ပြီးတိုက်ပွဲ ပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ် က လေယာဥ်ဖြင့် ၃ကြိမ် ဗုံးကြဲခဲ့ကြောင်း Red Wolves Of Mogok က သတင်းထုတ်ပြန်ထားသည်။