မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကွမ်းကျိုက်တံတား၌ ရပ်ထားသောထင်းကားအား ကုန်ကားမှဝင်တိုက်ကာ မီးလောင်မှုဖြစ်ပွားပြီး ကုန်ကားယာဉ်မောင်း မီးလောင်သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်သည် ယမန်နေ့(စက်တင်ဘာ ၁၃ရက်)၊ ညနေ ၅နာရီခွဲခန့်တွင် အသက် ၄၀ ခန့်ရှိ ယာဥ်မောင်းဆရာနှင့် ၎င်း၏ ဇနီးသည်လိုက်ပါလာသည့် ကွမ်းသီးတင် ၁၂ ဘီးကုန်တင်ယာဥ်သည် ရေးမြို့မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာစဥ် ကွမ်းကျိုက်တံတား၌ ရပ်ထားသော ထင်းတင်ကားကို တိုက်မိခဲ့ခြင်းဖြစ်သည်။
“ ရပ်ထားတဲ့ ထင်းကားနောက်ဖင်ကို အရှိန်နဲ့ သွားတိုက်လိုက်တာ။ ကားဆရာက အရမ်းလောနေတာဖြစ်မယ်။ မိုးကလည်း ရွာပြီးစအချိန်ဆိုတော့ ကတ္တရာလမ်းကလည်း ချော်တာလည်းပါတယ်။ လင်မယား ၂ ယောက်တည်းပါလာတာ။ ဇနီးက လွတ်သွားပေမယ့် ကားဆရာကတော့ ညှပ်ပြီး မီးလောင်သွားတယ်။ အရိုးစုပဲကျန်ခဲ့တယ်။ အခင်းဖြစ်နေရာက ဝေးတော့ ချက်ချင်းကြီးရောက်မလာနိုင်ကြဘူးလေ” ဟု ရေးမြို့နယ်ရှိ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ယင်းဖြစ်စဥ်ကြောင့် ကွမ်းသီးတင်ယာဥ်၏ ခေါင်းပိုင်းတစ်ခုလုံး ပျက်စီးသွားခဲ့ရပြီး မီးလောင်ကျန်ရစ်သော ယာဥ်မောင်း၏အရိုးစုကို သက်ဆိုင်ရာသို့ ပို့ဆောင်ကာ ချက်ချင်းသဂြိုဟ်လိုက်ကြောင်း သိရသည်။
ရေးမြို့တွင် ည ၆ နာရီ မှ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် မာရှယ်လောကို စစ်ကောင်စီက ဖြည်လျော့ခြင်းမရှိသေးသဖြင့် နယ်နမိတ်အတွင်းရှိ အရေးပေါ်လူမှုကယ်ဆယ်ရေးနှင့် ပရဟိတအဖွဲ့တို့သာ ကိစ္စပေါ်ပေါက်မှုအပေါ်မူတည်၍လိုအပ်ချက်အရသာ သွားလာရသည်ဟု သိရသည်။