စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ မြေပဲစိုက်ပျိုးသော တောင်သူများသည် စက်တင်ဘာလအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပဲပင်များ အညှောက်ပေါက်ကာ ပျက်စီးဆုံးရှုံးပြီး ယခင်နှစ်များထက် ပဲအတင်းရေနည်းကာ အရှုံးပေါ်ကြောင်း စုံစမ်းသိရှိရသည်။
စက်တင်ဘာလသည် မြေပဲစိုက်ပျိုးတောင်သူများအတွက် မြေပဲနုတ်သည့် ရာသီချိန်ဖြစ်ပြီး အခြောက်လှမ်းကာ ဆီကြိတ်ပြီး ငွေဖော်ကြသည်ဖြစ်သည်။ လွန်ခဲ့သည့် ၁၀ ရက်ခန့်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပဲနုတ်ရန် နောက်ကျခဲ့သည်ဟု ဆိုသည်။
” ပဲတွေက အရင်နှစ်ကထက် ဥတယ်။ ရတယ်။ မိုးရွာတော့ ပျက်စီးမှုလည်းများတယ်။ မိုးများတော့ အလုပ်လည်း မတွင်ဘူး။ အညှောက်တွေက ပေါက်တာမှ ဖွေးလို့။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က မြေပဲနုတ်တဲ့ အချိန် ရွာတာ လွန်တယ်။ အဲ့ဒါနဲ့တောင်သူတွေ အခက်တွေ့တာပဲ” ဟု တန့်ဆည်မြို့နယ်မှ မြေပဲစိုက်တောင်သူတစ်ဦးက MPA ကို ပြောသည်။
မိုးများသည့်အတွက် မြေပဲနုတ်ရန်၊ မြေပဲဆွတ်ရန် အလုပ်သမားကို အပြိုင်ငှားရမ်းရသည်များ ရှိသည့်အတွက် အလုပ်သမားခလည်း မြင့်တက်လာသည်ဟု စုံစမ်းသိရှိရသည်။
” မိုးတွေကရွာတော့ လှမ်းမရတော့ဘူး။ မှိုတွေက ပေါက်ရော ပဲတွေက။ အိမ်ထဲက တမံတလင်းပေါ် ကျင်းထားကတာပေါ့။ နေလေးပူလိုက် ထုတ်လှမ်းလိုက်။ မိုးကရွာတော့ ထသိမ်းလိုက်။ မိုးက နေ့တိုင်းရွာတော့ လုပ်ရကိုင်ရတာ အဆင်မပြေဘူး” လို့ ၎င်းက ဆက်ပြောသည်။
မြေပဲများသည် ယခင်နှစ်များထက် ပိုပြီးဥသော်လည်း ပျက်စီးမှုသည်လည်း ပိုများသောကြောင့် ဆီကြိတ်ပြီး ငွေဖော်ရန်လည်း ခက်ခဲနေကြသည်ဟု တောင်သူများက ဆိုကြသည်။
မြေပဲနုတ်ခသည် ယခင်နှစ်က အမျိုးသား (၇၀၀၀ ကျပ်)၊ အမျိုးသမီး (၅၀၀၀ ကျပ်) ဝန်းကျင်ဖြစ်ပြီး ယခုနှစ်တွင် အမျိုးသား (၁၂၀၀၀ ကျပ်) နှင့် အမျိုးသမီး (၈၀၀၀ ကျပ်) ဝန်းကျင် ရှိနေသည်။ ပဲဆွတ်ခသည်လည်း ယမန်နှစ်က (၄၀၀၀ ကျပ်) ရှိခဲ့သော်လည်း ယခုနှစ်တွင် ၅၀၀၀ ကျပ်အထိ ရှိသည်ဟု သိရသည်။ လက်ရှိတွင် မြေပဲသည် ရာသီဥတု၊ မြေသြဇာနှင့် နည်းစနစ်များအပေါ် များစွာ သက်ရောက်နေကြောင်း တန့်ဆည်ဒေသခံ မြေပဲစိုက်တောင်သူတစ်ဦးက MPA သတင်းဌာနသို့ ပြောသည်။
မြေပဲကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြသည်။ မြေပဲသီးနှံ တစ်ဧကို ဆီပိဿာချိန် (၁၀၀- ၁၅၀) ကျော်အထိ ထွက်ရှိပြီး မြန်မာနိုင်ငံ၏ အရေးပါသော စီးပွားရေးလုပ်ငန်းဖြစ်သည့် ဆီထွက်စိုက်ပျိုးသီးနှံတစ်မျိုး ဖြစ်သည်။
မြေပဲစိုက်တောင်သူများသည် စိုက်ပျိုးရေးစရိတ်များ မြင့်တက်နေသည့်ကြားမှ မိုးအဆက်မပြတ်ရွာသွန်းနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့်အတွက် မြေပဲပင်များ အညှောက်ပေါက်၊ ယခင်နှစ်များထက် ပဲအတင်းရေနည်းကာ အရှုံးပေါ်နေခြင်းဖြစ်သည်ဟု သိရှိရသည်။