ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အနော်မာမှတ်တိုင်အနီးတွင် YBS ၇၆ပေါ်မှ ပြုတ်ကျသဖြင့် အမျိုးသားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးခဲ့ပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သာကေတမြို့နယ်၌ နေထိုင်သူတစ်ဦးကပြောသည်။
ယနေ့ (စက်တင်ဘာ ၁၁ရက်) မနက် ၈နာရီ ၃၀မိနစ်က သန်လျင်မြို့နယ်မှ သာကေတမြို့နယ်သို့ မောင်းနှင်လာသည့် YBS ၇၆ယာဉ်ပေါ်မှ အမျိုးသားနှစ်ဦး အရှိန်လွန်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
“ ကားက လူအပြည့်တင်လာတာပေါ့။ ရုံးချိန်ဆိုတော့လည်း ကြုံနေရတဲ့အတိုင်းပဲ ကြပ်ညှပ်နေတာ။နောက်ပေါက်ကနေ ပြုတ်ကျတာပါ။ မှတ်တိုင်မှာ ရပ်တဲ့အချိန် အမြန်မောင်းထွက်သွားတာလား။ မှတ်တိုင်ရပ်တဲ့အချိန် ပြုတ်ကျတာလား သေချာတော့မသိဘူး။ အနော်မာထိပ် မှတ်တိုင်နားမှာဖြစ်တာပါ” ဟု ၎င်းက ပြောသည်။
အဆို ဖြစ်စဉ်အတွင်း ယာဉ်ပေါ်မှာ ပြုတ်ကျခဲ့သည့် အသက်၂၀ ဝန်းကျင် အမျိုးသားတစ်ဦးသည် ဦးခေါင်း ထိခိုက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ အသက်၂၀ဝန်းကျင် အခြားအမျိုးသားတစ်ဦးသည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း မနောဖြူလူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ သတင်းပေးချက်အရ ကျွန်တော်တို့ရောက်သွားတဲ့အချိန် တစ်ယောက်က အသက်မရှိတော့ဘူး။ သေသွားတဲ့ ကောင်လေးကို ကျွန်တော်တို့ နာရေးကူညီမှုအသင်းက လူနာတင်ကားနဲ့ သယ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ထားပါတယ်။ သူက ခေါင်းထိပြီး ဆုံးသွားတာပေါ့။ ကျန်တဲ့တစ်ယောက်လဲ ရန်ကုန်ဆေးရုံကြီးမှာပါပဲ။အခုဆေးကုသမှုခံယူနေပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင် CNG ဂတ်စ် ရရှိမှုနည်းပါးမှုကြောင့် YBS ပြေးဆွဲသည့် ယာဉ်အစီးရေနည်းပါးလာသည့်အတွက် YBSယာဉ်များမှ ခရီးသည်များကို အဆမတန်တင်ခြင်း၊ ယာဉ်အား အရှိန်မြှင့်မောင်းနှင့်ခြင်းများပြုလုပ်သည့်အတွက် ယာဉ် မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။