ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီဝယ်ယူရာ၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေတ်ကဲ့သို့ တုံကင်နံပါတ်ပြားများ ထုတ်ယူပြီး၊ တန်းစီဝယ်ယူနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ဆီစျေးကအရမ်းတက်နေတယ်ဆိုပေမယ့်၊ ဆီရောင်းတဲ့ဆိုင်အချို့ကတော့ သတ်မှတ်စျေးနဲ့ရောင်းကြတယ်။ မနေ့က လူ၃၀၀စာလောက်ကို လှည်းတန်းက ဆီဆိုင်တစ်ဆိုင်မှာ တစ်ပိဿာ ၄၅၀၀ နှုန်းနဲ့ ရောင်းပေးတယ်။ အိမ်ထောင်စု တစ်စုကို အနည်းဆုံး ဆီ ၅၀သားကနေ အများဆုံး ၃ ပိဿာထိ ရောင်းချပေးတယ်”ဟု ကမာရွတ်မြို့နေ အမျိုးသမီးတစ်ဦးက MPA သို့ပြောပါသည်။
ထိုကဲ့သို့ လူအယောက် ၃၀၀ အတွက် စားအုန်းဆီ ရောင်းမည့် ကိစ္စအား ရပ်ကွက်အတွင်း လော်စပီကာဖြင့် လိုက်လံနှိုးဆော်မှုများပြုလုပ်ပြီး၊ မနက် ၉ နာရီခန့်တွင် တုံကင် နံပါတ်ပြား ထုတ်ယူ၍ တန်းစီဝယ်ယူရခြင်းဖြစ်သည်။
“ ဆီးစျေးမြင့်တက်နေတာကို စစ်ကောင်စီက ပြန်ပြီးထိန်းချုပ်တဲ့ပုံပဲလေ၊ ဆီကုန်သည်အဖွဲ့ကလည်း စစ်ကောင်စီလက်အောက်ကနေ လုပ်နေရတာဆိုတော့ သူတို့သတ်မှတ်ပေးတဲ့ ဆီတစ်ပိဿာ ၄၅၀၀ ကျပ်နဲ့ ရောင်းချနေရတာ၊ သတ်မှတ်စျေးအတိုင်းမရောင်းဘူးဆိုရင် အရေးယူခံရမှာလေ” ဟု ရန်ကုန်မြို့ရှိ ဆီကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိ စားအုန်းဆီပေါက်စျေးသည် တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ ခန့်ရှိနေသော်လည်း ၄၅၀၀ ကျပ်ဖြင့်သာ ရောင်းချခိုင်းသည့်အတွက် အရှုံးပေါ်နေကြောင်း၊ ထို့ကြောင့် အချို့ဆီဆိုင်များသည် ပိတ်သိမ်းပြီး စားအုန်းဆီရောင်းချမှုကို ရပ်နားမှုများရှိလာသည် ၎င်းက ဆက်လက်ရှင်းပြသည်။
“ အချို့ ဆိုင်တွေကတော့ ပိတ်ကုန်ကြပြီ၊ မရောင်းတော့ဘူး။ ကျတော်တို့ဆိုလည်း မိတ်ပျက်မှာကြောက်လို့ အရှုံးခံပြီး တစ်နေ့ ဘယ်လောက်ရောင်းပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်အတိုင်း ရောင်းနေရတာ” ဟု ဆီကုန်သည်တစ်ဦးက ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ စားအုန်းဆီစျေးနှုန်းသည် တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ ပဲဆီတစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၄၂၅၀ ကျပ်ပေါက်စျေးရှိနေသော်လည်း စစ်ကောင်စီက သတ်မှတ်ထားသည့် စျေးနှုန်းဖြင့်သာ ရောင်းချနေရသည့်အတွက် ဆီကုန်သည်များနှင့် စားအုန်းဆီ လက်လီ၊ လက္ကားရောင်းချသူများ အခက်ကြုံတွေ့နေရခြင်းဖြစ်သည်။
ထိုကဲ့သို့ စစ်ကောင်စီမှ စားအုန်းဆီ စျေးနှုန်းများ ထိန်းချုပ်မှုပြုလုပ်ထားပြီး၊ ၎င်း တို့သတ်မှတ်ထားသည့် စျေးနှုန်းအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် စစ်ဘက်ရေးရာလုံခြုံရေး(စရဖ)အဖွဲ့များပူးပေါင်း၍ သြဂုတ်လ၃၀ရက်နေ့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် ဆီကုန်သည်ကြီး၄ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။