ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မြို့ပြသပိတ်လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အဖွဲ့များမှ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ လူစည်ကားရာနေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDM နှင့် Pre CDM လွယ်ကူစွာပြုလုပ်နိုင်စေရန်အတွက် လှုံ့ဆော်စာ ၂၃၀၀ ဖြန့်ဝေခဲ့ကြောင်း ယင်းအစီအစဉ်အတွင်း ပါဝင်ဆောင်ရွက်ခဲ့သူထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းမှစတင်၍ အဆိုပါ လှုံ့ဆော်စာများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ လူစည်ကားရာနေရာများနှင့် အထင်ကရနေရာများတွင် လူခွဲ၍ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
” အဓိက အရပ်ဝတ်တွေနဲ့ သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတာကြောင့် အင်မတန် သတိထားရပါတယ်။ မင်္ဂလာဒုံဆိုရင်လည်း တပ်နယ်ဖြစ်တဲ့အပြင် မကြာမီကမှ ဗုံးလန့်ထားတဲ့ ဖြစ်စဉ်ရှိတာကြောင့် လုံခြုံရေး တင်းကျပ်ထားတဲ့အတွက် မြေပြင်ရဲဘော်တွေ စွန့်စားပြီး ပါးပါးနပ်နပ်နဲ့ ဒီလှုပ်ရှားမှုကို အကောင်အထည်ဖော်ခဲ့တာပါ။ အစစအရာရာ ကြိုတင်ပြီး စနစ်တကျ စီစဉ်ခဲ့တဲ့အတွက် ကျတော်တို့ ရဲဘော်တွေအားလုံး အန္တရာယ် တစ်စုံတစ်ရာ ကျရောက်ခဲ့တာတော့ မရှိပါဘူး” ဟု မြေပြင်တွင် ပါဝင်လှုပ်ရှားခဲ့သည့် ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ လှုံ့ဆော်စာများအား ရန်ကုန်မြို့ရှိ မရမ်းကုန်း၊ တာမွေ၊ စမ်းချောင်း၊ ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ မင်္ဂလာဒုံစစ်ဈေး ပတ်ဝန်းကျင်တို့တွင် ဖြန့်ကြဲခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့ရှိ လူစည်ကားရာနေရာများဖြစ်သည့် ဦးပိန်တံတား၊ မဟာမြတ်မုနိဘုရားကြီး၊ နန်းတွင်းကျုံးဘေး၊ ကုသိုလ်တော် (သို့) မန်းလေးတောင်တော်တို့တွင် ဂျာနယ်နှင့် စာစောင် အမျိုးမျိုး၏ အတွင်းဘက်စာမျက်နှာ၌ လှုံ့ဆော်စာများကပ်ကာ အခမဲ့ဖတ်ရှုနိုင်ကြောင်း စာရေးသား၍ လူအများ တွေ့မြင်နိုင်သော နေရာများတွင် ချထားကာ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“ နေ့စဉ် ထွက်လာသူတွေရဲ့ပြောစကားအရ CDM ဝင်ဖို့ ဘယ်ကို ဆက်သွယ်ရမှန်းမသိတာ၊ အချို့အရာရှိတွေဆိုရင် ပြောတယ်ပေါ့နော်။ တပ်ရင်းရှေ့မှာ ကားရပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM လုပ်မယ့်သူတွေ တက်ဆိုရင် အလံတိုင်ပဲ ကျန်ခဲ့မယ့် တပ်တွေရှိတယ်ဆိုပြီး။ အချို့တွေလည်း မိသားစုကြောင့် ထွက်လာမရဘူး။ စစ်တပ်က မိသားစုကို အမျိုးမျိုး ဒုက္ခပေးမှာ ကြောက်တယ်။ ဒါမျိုးဆို ကျတော်တို့ဆီ Pre CDM လုပ်ထားပြီး ပြည်သူလူထုဘက်က ရပ်တည်လို့ ရတယ်ဆိုတာကို အသိပေးလိုတာပါ။ အဓိက စိတ်ရင်းမှန်နဲ့ ဆန္ဒရှိဖို့ပဲလိုတယ်။ ဘယ်နေရာ ဘယ်ဒေသ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပြည်သူလူထုနဲ့ ပူးပေါင်းလို့ရတယ်ဆိုတာကို ထပ်မံအသိပေးလိုက်တာပါ” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ပြည်သူလူထုဘက်သို့ ရပ်တည်လိုသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်၏ တယ်လီဂရမ်ဖြစ်သော @MyanmarPeople နှင့် နီးစပ်ရာ EROs၊ PDF တပ်ရင်းများနှင့် ပကဖများကို ဆက်သွယ်ခိုလှုံနိုင်သည်ဟု ဆိုသည်။
” စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့စဉ် ပြည်သူ့ရင်ခွင်ခိုလှုံလာမှု များပြားလာတဲ့အတွက် ၎င်းတို့ ဆက်သွယ်ရမယ့်နေရာတွေကို သေသေချာချာ သိစေဖို့နဲ့ စစ်ကောင်စီလက်အောက်မှာ မိုက်တွင်းဆက်နက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို အမှန်တရားကို သိရှိနားလည်လာစေဖို့ ဒီလှုပ်ရှားမှုကိုဆောင်ရွက်ရတာဖြစ်ပါတယ် “ ဟု ပြည်သူ့ရင်ခွင်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ လှုပ်ရှားမှုကို ပြည်သူ့ရင်ခွင် – People’s Embrace နှင့် မြို့ပြတော်လှန်ရေးအင်အားစုများဖြစ်သော Kyimyindaing Networks (K.M.D18) အဖွဲ့၊ Mayangone Democratic Front (M.D.F) အဖွဲ့နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။