ယခုနှစ် မိုးရာသီပြီးပါက သထုံခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု KNU တပ်မဟာ (၁) ၏ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လက်ရှိအချိန်သည် မိုးတွင်းကာလဖြစ်သည့်အတွက် တိုက်ခိုက်မှုထက် စစ်ရေးပြင်ဆင်မှုကိုသာ ဦးစားပေးလုပ်ဆောင်နေကြောင်း KNU တပ်မဟာ ၁၏ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
“ ချုပ်ပြီးပြောရရင်တော့ စစ်ကောင်စီ၊ စစ်ကြောင်းထိုးတာတွေက ဘီးလင်းမှာများတယ်။ ကိုယ်တွေဘက်က ထိခိုက်ကျဆုံးတဲ့ရဲဘော်တွေလဲရှိတယ်။ မိုးတွင်းဆိုတော့အဖွဲ့တော်တော်များများက သင်စရာရှိသာသင်၊ပြင်စရာရှိတာပြင်ပေါ့။ စုဆောင်းစရာရှိတာတွေလည်း စုဆောင်းနေပါတယ်” ဟု ၎င်းက ပြောသည်။
KNU တပ်မဟာ ၁၊ တပ်ရင်း ၃နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိသော်လည်း ယင်းနယ်မြေအတွင်းသို့ စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးလာခြင်းမရှိကြောင်း KNUတပ်မဟာ၁၊ တပ်ရင်း ၃၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ စစ်ကောင်စီဘက်က ကျိုက်ထိုဘက်ကိုတော့ သိပ်မတက်လာဘူး။ ဩဂုတ်လထဲမှာပေါ့နော်။ တပ်ရင်း ၃ အဝနားထိပဲလာတယ်။ အရင်လိုတော့ အပေါ်ထိရောက်မလာဘူး။ ကျွန်တော်တို့နယ်မြေထဲကို လက်နက်ကြီးပစ်တာတော့ရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် KNUတပ်မဟာ ၁နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် မိုးတွင်းကာလအတွင်း စစ်ရေးပြင်ဆင်မှုများနှင့် ရိက္ခာပစ္စည်းများစုဆောင်းကာ နယ်မြေလုံခြုံရေးများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။