စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှ ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံး၍ ရဲတပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ (စက်တင်ဘာ၅ ရက်)၊ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပုလဲမြို့မှထွက်ခွာလာသည့် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများကို ပုလဲမြို့မြောက်ဘက် တံတားအနီးတွင် ရှေ့ထွက်မိုင်း ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကင်းပတ်ထွက်လာတာ၊ ပုံမှန်ကင်းပတ်ထွက်လာတာပေါ့ဗျာ။ ကျတော်တို့က အဲ့ဒီဟာကို စောင့်ပြီးတော့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းက ရှေ့ထွက်ပြောင်းတွေနဲ့ ကျတော်တို့ တိုက်ခိုက်ခဲ့တာ။ အပြန်အလှန်ပစ်ခတ် ထိတွေ့ခဲ့တာတော့ မရှိပါဘူး။ ကျတော်တို့ မိုင်းဆွဲတိုက်ခိုက်ပြီးမှ သူတို့စခန်းနဲ့လည်း သိပ်မဝေးတော့ အင်နဲ့အားနဲ့ ထွက်လာလို့ ကျတော်တို့ဘက်က ပြန်ဆုတ်ခဲ့တယ်ပေါ့။ အထိအခိုက်ကတော့ သူတို့ဘက်က စကစ ၃ ကောင် သေဆုံးတယ်။ ရဲတစ်ကောင်ထိခိုက်ဒဏ်ရာရတယ်လို့ ကြားသိရပါတယ်ဗျ”ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ဒေါက်တာနန်းဝင်းက MPA သို့ ပြောသည်။
ယင်းတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း (၃၈)-M7တပ်ဖွဲ့၊ ပုလဲမြို့နယ်ပကဖ၊ တိုက်နယ်ပကဖ (၇)၊ တိုက်နယ်ပကဖ (၄) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒေသကာကွယ်ရေးရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။