စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တောင်ဘက်ခြမ်းသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးနေသဖြင့် ရွာ ၁၅ မှ ဒေသခံသောင်းကျော် ထွက်ပြေးနေရကြောင်း စစ်ကိုင်းအခြေစိုက် သတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ရက်နေ့မှ စတင်ကာ ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျုစောထီးအများဆုံးပါသည့် စစ်ကြောင်းသည် ကန့်ဘလူမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
“ ရွာပေါင်း ၁၅ ရွာပါ။ ကန့်ဘလူမြို့နယ်တောင်ခြမ်းက ညောင်ပေါင်ရင်း၊ ရွာမ၊ ဉာဏ်အင်း၊ အင်းလယ်ကြီး၊ကျေးပင်အက်၊ အင်္ဂါဒေါင့်၊ သရက်တာ၊ ထိန်တော၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ ဘိုကုန်း၊ ပေလည်၊ မဲသည်၊ သပြေသာနဲ့ ကိုင်းရိုးရွာတွေကို ဝင်နေတာပါ။ ဒီနေ့နဲ့ဆို စစ်ရှောင်ဦးရေ ၁ သာင်းကျော်ရှိနေပါပြီ “ ဟု ၎င်းသတင်းရင်းမြစ် က ပြောသည်။
ကန့်ဘလူမြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ၁၅ရွာအား စစ်ကောင်စီတပ်မှ စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ရွာများကို မီးရှို့ ဖျက်စီးမှု ပြုလုပ်ခြင်းမရှိသော်လည်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူမှုများပြုလုပ်ခဲ့ကြောင်း ကန့်ဘလူမြို့နယ်ရှိ Infinity Group၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကန့်ဘလူမြို့နယ် တောင်ပိုင်းသို့ ဒုတိယအကြိမ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ပျူစောထီးအင်အားသည် ၂၀၀ မှ ၃၀၀ အတွင်းရှိနိုင်ကြောင်းလည်း တာဝန်ရှိသူက ဆက်လက်ပြောသည်။
“ ရွာတွေကိုမီးရှို့တာတော့ မကြားမိဘူး။ မနေ့(စက်တင်ဘာ ၅ ရက်)ကတော့ အင်းလယ်ကြီးရွာအနီးက တောထဲတဲတိုက်တွေကို ဝင်မွှေပြီး ဆန် မြေပဲ ဆီပုံး၊ကျန်တဲ့ ပရိဘောဂတွေကို ယူသွားတယ်။တဲအချို့ကိုလည်း မီးရှို့သွားတယ်။သူတို့(စစ်ကောင်စီ) အင်အားကို အတိအကျမသိပေမယ့် အနည်းဆုံး ၂၀၀ နဲ့ ၃၀၀ ကြားတော့ရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်များသည် ကန့်ဘလူမြို့နယ်တောင်ခြမ်းအား ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက် အထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သေပြီး၊ လက်ရှိ စစ်ကြောင်း ၃ကြောင်း သည် ဒုတိယအကြိမ် ဝင်ရောက်လာခြင်းဖြစ်သည်ဟု ကန့်ဘလူမြို့နယ်ရှိ Infinity Group၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။