ကချင်ပြည်နယ် ဝိုင်းမော်မြို့အနီး ဝိုင်းမော် – လိုင်ဇာလမ်း၊ ဂျာပူ၊ ဒဘတ်၊ ဆမားလမ်းခွဲ၌ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ ယနေ့(စက်တင်ဘာ ၅ရက်) နေလယ် ၂နာရီဝန်းကျင် က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
” KIA နဲ့ စစ်ကောင်စီတပ် ဝိုင်းမော်နဲ့လိုင်ဇာကိုဆက်သွယ်ထားတဲ့ ဆမားလမ်းခွဲမှာဖြစ်တာ။အခုအချိန်ထိတော့ နှစ်ဖက် အကျအဆုံးမသိရသေးဘူး။” ဟု သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်များသည် ယနေ့(စက်တင်ဘာ ၅ရက်) ည ၆နာရီ မိနစ် ၃၀ခန့်က ကချင်ပြည်နယ် KIA/KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ဒေသခံများထံမှသိရသည်။
“ ည ၆နာရီခွဲလောက်က လက်နက်ကြီးအသံကြားလိုက်ရတာ၊ ကျမတို့နဲ့အတော်ကိုနီးတယ်၊ စစ်တပ်ပုံစံအတိုင်းပဲလေ သူတို့ မနိုင်ရင်၊ အရပ်သားနေထိုင်တဲ့နေရာကို လှမ်းလှမ်းပစ်တာ” ဟု လိုင်ဇာမြို့တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆမားလမ်းခွဲအနီးရှိ ပြည်သူများ စစ်ရှောင်နေရပြီး၊ ထိတွေ့တိုက်ပွဲဖြစ်ပွားစဥ်အတွင်း နှစ်ဖက် ထိခိုက်ကျဆုံးစာရင်းကိုမူ MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
” စစ်တပ် က ရမ်းပြီးပစ်ခတ်နေတာ။သူတို့က အဲ့ဒီလိုလျှောက်လုပ်နေတော့ ရွာသားတွေကလည်း ကြောက်လန့်နေကြတယ်။ တိုက်ပွဲကတော့ အရှိန်လျော့တယ်ကိုမရှိဘူးဗျ။” ဟု စစ်ရှောင်ရွာသားတစ်ဦးက ပြောသည်။
ထို့အပြင် ယမန့်နေ့ (စက်တင်ဘာ ၄) ရက်နေ့က ဗန်းမော်မှ စစ်အင်အား၊ ရိက္ခာ နှင့် လက်နက်များ သယ်ဆောင်လာသည့် စစ်ကောင်စီ စစ်ကား ၁၀ စီးခန့်ကို KIA တပ်ရင်း (၁၅) မှ တာဆိုင်းနှင့် မြို့သစ်ကြားရှိ တာပိန်တံတားအနီး စောင့်ကြိုတိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း မြေပြင် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်များသည် ကချင်ပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ နန့်ဆန်ယန်၊ မဒီးယာန်၊ အောင်ဂျာ စသည့် ကျေးရွာများနှင့် ဒေါ့ဖုန်းယန်မြို့ရှိ ဒေသခံလူထုများသည် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေရကြောင်းလည်း သိရသည်။
လက်ရှိ ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေသည့်အတွက် ဒေသခံပြည်သူလူထုမှ စစ်ရေးသတင်းများအား နားစွင့်ရန် နှင့် လူစုလူဝေးမပြုလုပ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများမှ သတိပေးထားသည်။