စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ မုံရွာ – မန္တလေးလမ်းမပေါ်တွင် စခန်းချကာ ဆက်ကြေးကောက်နေသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၄ရက်၊ ညနေ ၄နာရီခန့်က မုံရွာ-မန္တလေးလမ်းမပေါ်(မြောင်လမ်းခွဲ) တွင် စခန်းချကာ ဖြတ်သန်းသွားလာနေသော ပြည်သူများထံ ဆက်ကြေးကောက်နေသည့် စစ်သားနှင့်ပျူစောထီးတို့ကို ဒရုန်းဖြင့် ဗုံးသီး ၄လုံးကြဲချခဲ့ရာ သေဆုံးထိခိုက်များနိုင်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM က သတင်းထုတ်ပြန်သည်။
” မြင်းမူ၊ ဂွေးပင်တော၊ နတ်ရေကန်၊ ချောင်းဦးတို့နဲ့က တစ်နေရာနဲ့တစ်နေရာ ၁၀မိနစ်ဆီလောက်ပဲဝေးတဲ့နေရာဆိုတော့ အင်အားက ပုံမှန်မရှိဘူး။ ၄၀ဖြစ်လိုက် ၅၀ဖြစ်လိုက်ပဲ။ အဲ့နေရာတွေကနေ အဝင်အထွက်နေ့တိုင်းနီးပါးလုပ်တယ်။ မြောင်လမ်းခွဲပေါ်မှာ နေတာ ၁နှစ်ခွဲလောက်တော့ကြာပြီ။ အထိုင်စခန်းကိုမှ စနစ်တကျအခိုင်အမာဆောက်ထားတာပေါ့နော်။
ကတုတ်ကျင်းတွေရော၊ဘန်ကာတွေရော၊ သံဆူးကြိုးတွေရော အကုန်လုံးပတ်ပတ်လည်ကာထားတယ်။ အရှေ့မှာလည်း မိုင်းကွင်းတွေ ဘာတွေချထားပြီးမှ နေနေကြတာ” ဟု CDSOMတာဝန်ခံ ရဲဘော်နွေဦးက MPA သို့ပြောသည်။
ယင်းစစ်သားနှင့်ပျူတို့သည် ဖြတ်သန်းသွားလာသော ပြည်သူများကို ဖမ်းဆီးရိုက်နှက်ခြင်းလည်း ပြုလုပ်ကြောင်း ၎င်းကပြောသည်။
” ဒါပေမဲ့ မနေ့ကသွားတိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ ပြည်သူတွေဆီက ပြန်ကြားရတာကတော့ ဒီနေ့အခွန်ကောက်တာလည်းမရှိဘူး။ အပြင်လည်းလုံးဝမထွက်တော့ဘူး။အတွင်းထဲမှာပဲရှိတော့တယ်။ အတွင်းထဲကအခြေအနေက သူတို့ကကျ သီးခြားနေတဲ့နေရာဆိုတော့ သိဖို့ခက်သွားတယ်။ အဲ့နားမှာရှိတဲ့ ပြည်သူတွေရဲ့အိမ်တွေကိုခေါ်ပြီးတော့ စစ်တာတွေရှိတယ်” ဟု ရဲဘော်နွေဦးကဆက်လက်ပြောသည်။
ဒရုန်းဖြင့် ဗုံးကြဲပြီးနောက် လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၂နာရီခန့်ကြာ ဖြစ်ပွားခဲ့ကာ စစ်သားများက ၆၀(မမ) ၁၃လုံး၊ စက်သေနတ်နှင့်လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း PDFရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို CDSOM ၏ အနောက်ပိုင်း ၀၀၁ Drone၊ ဆင်ရိုင်းစစ်ကြောင်း – မြောင်၊မြောင်မြို့နယ် ပလဖ၊ စစ်ကိုင်းခရိုင်တပ်ရင်း-၂ တပ်ခွဲ- ၃၊ စစ်ကိုင်းခရိုင် တပ်ရင်း-၆ တပ်ခွဲ -၃၊ မြင်းမူမြို့ပြပြောက်ကျားအဖွဲ့ CRF၊ Blood Brothers အဖွဲ့၊ Hero အဖွဲ့၊ မြင်းမူလျှပ်စီး၊ Black Eagle – Myinmu၊ မြင်းခြံခရိုင်တပ်ရင်း PDF TALOKEနှင့် စစ်ကိုင်းခရိုင် တပ်ရင်း -၄ MSPDFတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။