တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲနေသည့် ရွာသား ၃ ဦးကို PDF ပူးပေါင်းတပ်ဖွဲ့မှ WY ဆေးပြား ၁,၀၀၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။
သြဂုတ်လ ၃၁ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စု၊ ကော့ကနင်းကျေးရွာနှင့် ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာအုပ်စု၊ မြိုင်သာကျေးရွာတို့တွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲနေကြောင်း သတင်းရရှိသဖြင့် သွားရောက်စုံစမ်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“ ကျတော်တို့မြို့နယ် အခြေအနေအရဆိုရင် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးက အကောင်အထည် မဖော်နိုင်သေးတော့ လောလောဆယ်တော့ ဝန်ခံကတိလက်မှတ်ထိုးခိုင်းပြီး ထိပ်တုံးခတ် အပြစ်ပေးတာမျိုးပဲ လုပ်လို့ရပါသေးတယ်။ တစ်ဘက်ကလည်း စကစနဲ့က အချိန်မရွေး ထိတွေ့နိုင်တဲ့ ရှေ့တန်းနေရာလို ဖြစ်နေလို့ပါ “ ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ WY စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲနေသူများကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင်များနှင့် တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင်များပူပေါင်း၍ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ ကော့ကနင်းကျေးရွာမှာနေတဲ့ အောင်ကိုလတ်ထံက WY စိတ်ကြွရူးသွပ်ဆေးပြား (၁,၀၁၀) လုံးနဲ့ မြိုင်သာကျေးရွာက ကိုစိုးသန်းနှင့် ကိုသန်းထိန် (ခ) ကုလားတို့ဆီက WY စိတ်ကြွရူးသွပ်ဆေးပြား (၂၀) လုံးတို့ကို သိမ်းဆည်းရမိခဲ့တာပါ” ဟု ၎င်းက ဆက်ပြောသည်။
ယင်းတရားခံ (၃) ဦးအား ထိုက်သင့်သော အပြစ်ဒဏ်ပေး၍ နောက်နောင် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန် ပြင်းထန်စွာ သတိပေးဆုံးမခဲ့ပြီးနောက် ၄င်းတို့ထံမှ သိမ်းဆည်း ရမိခဲ့သော WY စိတ်ကြွရူးသွပ်ဆေးပြား (၁,၀၃၀) လုံးအား ၎င်းတို့ ရှေ့မှောက်၌ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
” အခက်အခဲကတော့ မိုးလေထဲ သွားဖမ်းရတယ်။ ရေထဲမှာဆိုတော့ လှိုင်းကြီးတာမျိုး တစ်ဘက်က စစ်သင်္ဘောနဲ့ ထိပ်တိုက်တွေ့ခဲ့ရင် ကြိုတင်ပြင်ဆင်ထားရတာမျိုးတော့ရှိပါတယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ဆက်ရှင်းပြသည်။
ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်တစ်လုံးကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးပြီး ကျောက်တစ်လုံးကျေးရွာနေ ရွာသား ၃ ဦး ကို WY စိတ်ကြွမူးယစ်ဆေးပြား (၁၇၈) လုံးနှင့်အတူ ဖမ်းဆီးရမိကာ မူးယစ်ဆေးပြားများအား မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရှိရသည်။