ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ငွေတိုးချေးစားသူ မိသားစုဝင် သုံးဦး နေအိမ်တွင်အသတ်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဥ်သည် လှိုင်သာမြို့နယ် အနောက်ပိုင်း၊ ၁၈ ရပ်ကွက်၊ အနန္တသူရိယလမ်းရှိ အိမ်အမှတ် (၈၄၁)တွင် စက်တင်ဘာ ၄ရက် နေ့လယ်ပိုင်းက မိသားစုဝင် ၃ဦး ဓားထိုးခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ရပ်ကွက်နေပြည်သူများက တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
“ မိသားစု ၃ယောက်ပေါ့။ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့တယ်။ဘာကြောင့် ဖြစ်တယ်ဆိုတာတော့ မသိရသေးဘူး။အမှူဖြစ်စဥ်ကို သေချာစုံစမ်းစစ်ဆေးနေပါတယ်။” ဟု စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
သေဆုံးခဲ့သူများသည် အိမ်ရှင် ဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဦးဌေးလွင် ၊ အသက် ၅၂ နှစ်အရွယ်ဒေါ်စုလှိုင်ဝင်း နှင့်အသက် ၉ နှစ်အရွယ် ဖြိုးမြတ်ကိုကို တို့ ဖြစ်ပြီး ဓားဖြင့် ထိုးသတ်ခံထားရခြင်းဖြစ်သည်။
“ သူတို့က ငွေတိုးချေးတဲ့အလုပ်လုပ်တယ်။ ထင်တာတော့ ငွေရေးကြေးရေးကြောင့် သတ်သွားတယ် ထင်တာပဲ။အခုတော့ ရဲတွေစစ်နေတယ်။” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရန်ကုန်တိုင်းအတွင်း၊ ခိုးဆိုးလုယက်မှုများ၊ လူသတ်မှုများနှင့် ဓားပြမှုများပိုမိုများပြားလာပြီး၊ ပြည်သူများအနေဖြင့် လုံခြုံစိတ်ချစွာ နေထိုင်၍ မရတော့သည့် အခြေအနေသို့ရောက်ရှိနေကြောင်း ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောသည်။
” ရာဇဝတ်မှုတွေများလာတယ်။ရန်ကုန်မှာဆို မြို့လယ်ခေါင် နေ့ခင်း ဓားပြတိုက် ခိုးဆိုးလုယက်တာတွေကအစပေါ့။ရဲတွေကလည်း အသုံးမကျဘူး။လာဘ်စားဖို့လောက်ပဲသိတယ်” ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ပြများတွင် တရားဥပဒေစိုးမိုးမှုကင်းမဲ့လာကာ ရာဇဝတ်မှုများ ပိုမိုများပြားလာပြီး ကျူးလွန်သူများကိုလည်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။