စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီး ပျူစောထီးရွာမှ ထွက်ပြေးလာသည့်မိသားစုတစ်စုအား ပုလဲမြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့က သွားရောက်တွေ့ဆုံခဲ့ပြီး ခြင်ထောင်၊ စောင်၊ မိုးကာနှင့် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ပြောသည်။
အဆိုပါမိသားစုသည် ယင်းမာပင်ခရိုင်တပ်ရင်း ၁၂တာဝန်ရှိသူများနှင့်ချိတ်ဆက်ကာ ယမန်နေ့(စက်တင်ဘာ ၄ရက်)တွင် အင်မထီးပျူစောထီးရွာမှ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။
” ၃ယောက်၊ မိသားစုတစ်စုထွက်ပြေးလာကြတာဗျ။ မနေ့က ထွက်ပြေးလာခဲ့ကြတာပါ။ သူတို့တော(လယ်) သွားမယ်ဆိုပြီး လိမ်ထွက်လာပြီးတော့ ထွက်ပြေးလာကြတာပေါ့လေ “ ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က MPAသို့ပြောသည်။
အဆိုပါမိသားစုအား ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် လူသားချင်းစာနာမှု တာဝန်ခံတို့မှ သွားရောက်တွေ့ဆုံခဲ့ကြပြီး အရေးပေါ်အဖြစ် ငွေ၅သောင်း၊ ဆေးစိမ်ခြင်ထောင်တစ်ထည်၊ စောင်၃ထည်နှင့် ၁၅ပေပတ်လည် မိုးကာတစ်ချပ် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
” အခုကတော့ သူတို့အနေနဲ့ အချိန်ရပါသေးတယ်။ ကျတော်တို့အနေနဲ့က သူတို့ပြည်သူနဲ့အတူ လာရောက်ပူးပေါင်းမယ်ဆိုရင် ဘာပဲပြောပြော သူတို့နေရေးထိုင်ရေး၊ စားရေးသောက်ရေးတွေကအစ ကျတော်တို့တာဝန်ယူပေးမယ်။ အဲ့ဒါက သူတို့အတွက်အကောင်းဆုံးရွေးချယ်ဖို့ နည်းလမ်းပေါ့ဗျာ။ ရုန်းထွက်ခဲ့ပါ၊ ပြေးခဲ့ပါပေါ့။ အဲ့ဒီလိုမှမဟုတ်ရင် သူတို့အတွက်က သေလမ်းပဲကျန်တော့တာ။ အဲ့ဒါလေးကိုတော့ ပြောချင်ပါတယ်” ဟု ကိုဇော်ထက်က ဆက်ပြောသည်။
လက်ရှိတွင် အင်မထီးပျူရွာမှ ပြည်သူများအနေဖြင့် စားနပ်ရိက္ခာများပြတ်လပ်လျက်ရှိပြီး အများအပြား ထွက်ပြေးချင်သော်လည်း စစ်ကောင်စီနှင့် ပျူစောထီးလက်နက်ကိုင်များမှ ထွက်ပြေးသူများအားမိလျှင် သတ်ပစ်မည်ဟုခြိမ်းခြောက်၍ PDFဘက်မှလည်း ထွက်ပြေးသူများအား သတ်ပစ်လိမ့်မည်ဟု ဝါဒဖြန့်ထားကြောင်း သိရသည်။
အင်မထီးပျူစောထီးရွာသည် အိမ်ခြေ ၆၀၀ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး အိမ်ထောင်စု၁၃၀ခန့်သည် အဆိုပါရွာမှ ထွက်ပြေးလာခဲ့ကြပြီးဖြစ်သည်ဟု စုံစမ်းသိရှိရသည်။